မင်္ဂလာပါပျိုမေတို့ရေ။ Kpop ပရိသတ်တိုင်းနဲ့မစိမ်းတဲ့ Jang Wonyoung ဟာဆိုရင် Kpop မျိုးဆက်သစ်ရဲ့ IT Girl လို့ တင်စားခံရလောက်အောင် Visual အရမ်းလှတဲ့ Idol တစ်ယောက်ပါနော်။ IT Girl ဆိုတဲ့အတိုင်း သူမဝတ်သမျှဖက်ရှင်တိုင်း နာမည်ကြီးရုံတင်မကဘဲ သူမပြင်တဲ့ မိတ်ကပ် look တွေကလည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ ကောင်မလေးတွေကြား လူကြိုက်များပါတယ်။

Jang Wonyoung ရဲ့ မိတ်ကပ် look လို့ပြောလိုက်တာနဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ ‌ပန်းရောင်ခြယ်ပါးလေးတွေအပြင် သူမရဲ့ ဖူးဖူးစိုစိုနှုတ်ခမ်းအိအိလေးတွေက မပါမဖြစ်ပါပဲ။

ဒီနေ့မှာတော့ ပျိုမေတို့အတွက် Wonyoung မိတ်ကပ် Look တိုင်းရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ဖူးဖူးစိုစို Glossy Lip လေးရအောင် နှုတ်ခမ်းနီဆိုးနည်းကို အဆင့်ဆင့် ပြောပြပေးသွားမှာပါ။

(၁) နှုတ်ခမ်းသားအပြည့်ဆိုးနည်း

ပုံထဲမှာပြထားသလို ပထမဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းထိပ်အပေါ်ဘက်၊ နှုတ်ခမ်းအတွင်းသားနဲ့ အောက်နှုတ်ခမ်းသားလိုင်းပေါ်မှာ နှုတ်ခမ်းနီ အရင်ဆိုးပေးရပါမယ်။ ကိုယ်ရဲ့မူလနှုတ်ခမ်းထက် ပိုကြီးပုံပေါက်အောင် နဂိုနှုတ်ခမ်းအရွယ်အစားရဲ့ အပေါ်ဘက်ထိ ကျော်ဆိုးပေးဖို့ လိုပါတယ်နော်။ ပြီးရင်တော့ Brush အသေးလေးနဲ့ပဲ ဖြစ်ဖြစ်၊ လက်ချောင်းလေးနဲ့ဖြစ်ဖြစ် ဖြန့်ဆိုးပေးလိုက်ပါ။

(၂) Heart-shaped နှုတ်ခမ်းပုံစံဆိုးနည်း

ဒုတိယနည်းလေးအတွက် အသည်းပုံနှုတ်ခမ်းလေးဖြစ်အောင် နှုတ်ခမ်းထိပ်မှာ တြိဂံပုံနဲ့ နှုတ်ခမ်းအတွင်းဘက်ကိုတော့ အသည်းပုံလေးပေါ်အောင်ဆွဲပြီး ဆိုးပေးရပါမယ်။ နှုတ်ခမ်းကို ပြုံးနေတဲ့ပုံဖြစ်အောင် နှုတ်ခမ်းထောင့်နှစ်ဖက်ကိုလည်း ဆိုးပေးပြီး Blend လုပ်ပေးပါ။

(၃) နှုတ်ခမ်းတစ်ဝက်ဆိုးနည်း

နောက်ဆုံးနည်းလေးကတော့ နှုတ်ခမ်းကို ဖူးဖူးလေးဖြစ်ချင်ပေမယ့်နှုတ်ခမ်းအပြည့်မဟုတ်ဘဲ တစ်ဝက်ပဲဆိုးထားသလို မြင်ရချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ နှုတ်ခမ်းတစ်ဝက်ဆိုးထားသလိုဖြစ်ဖို့ နှုတ်ခမ်းနီကို နှုတ်ခမ်းထိပ်၊ နှုတ်ခမ်းအလယ်၊ အောက်နှုတ်ခမ်းအလယ်နဲ့ အောက်ဘက်တွေမှာ အရင်ဆုံးဆိုးပေးပါ။ ဒုတိယအဆင့်အနေနဲ့ကတော့ နှုတ်ခန်းရဲ့ထောင့်လေးထောင့်မှာ Concealer အနည်းငယ် အသုံးပြုပြီး Blend လုပ်ပေးလိုက်ရင်တော့ လှပတဲ့နှုတ်ခမ်းဖူးလေးဖြစ်သွားမှာ အသေအချာပါပဲ။

အပေါ်ကပြောထားတဲ့ နည်း(၃) မျိုးလုံးအတွက် နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းသားလေးကို စိုစိုလေးဖြစ်သွားအောင် Lipgloss လေး အပေါ်ကနေ ထပ်ဆိုးပေးလိုက်တာနဲ့ ပျိုမေတိုင်းသဘောကျတဲ့ Jang Wonyoung လို ဖူးဖူးစိုစို နှုတ်ခမ်းလေးကို ပိုင်ဆိုင်သွားပါပြီနော်။

Photo Source: Pinterest

By MyStyle Myanmar