ပျိုမေတို့အနေနဲ့ အသက်အရွယ်ရလာတဲ့အထိ နုပျိုတဲ့အလှကိုထိန်းထားနိုင်ဖို့ဆိုရင် ငယ်ရွယ်တဲ့အချိန် ကတည်းက အသားအရေ ပုံမှန်ထိန်းသိမ်းတတ်တဲ့အကျင့်ကို ပျိုးထောင်ထားဖို့လိုပါတယ်။ အသက် ၂၀ ကျော်လောက်ကတည်းက မှန်ကန်တဲ့ထိန်းသိမ်းမှုတွေကို လုပ်လေ့မရှိတဲ့သူတွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုဖြစ်ဖို့အခွင့်အရေးများပါတယ်။ ဒီတစ်ခေါက်မှာတော့ အရွယ်တင်နုပျိုတဲ့အလှကို အချိန်ကြာကြာထိန်းသိမ်းချင်သူတိုင်းသိထားသင့်တဲ့ လွယ်ကူမှန်ကန်တဲ့အသားအရေထိန်းသိမ်းမှု နည်းလမ်းတွေအကြောင်းကို ပြောပြချင်ပါတယ်။

၁။ မျက်နှာကို Scrub ပုံမှန်လုပ်ပေးပါ

မျက်နှာချေးချွတ်တဲ့ Scrub တွေမှာ ဆဲလ်သေတွေဖယ်ရှားပြီး ဆဲလ်အသစ်တွေလည်ပတ်စေဖို့ကူညီပေးနိုင်တဲ့ အမှုန်လေးတွေပါဝင်ပါတယ်။ Scrub ကို သကြား၊ ပျားရည်၊ အုန်းဆီစတဲ့ အိမ်တွင်းပစ္စည်းတွေပေါင်းစပ်ပြီး ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်။ ကိုယ်တိုင်ပေါင်းစပ်ထားတဲ့ပါဝင်ပစ္စည်းတွေကို မျက်နှာမှာ တစ်မိနစ်လောက် ဖြေးဖြေးချင်းပွတ်ပေးပြီးနောက် ရေဆေးချပေးပါ။ အမြဲကြည်လင်နုပျိုတဲ့ မျက်နှာအသားအရေပိုင်ဆိုင်နိုင်ဖို့ တစ်ပတ်နှစ်ကြိမ်လောက် Scrub ပုံမှန်တိုက်ပေးသင့်ပါတယ်။

၂။ အရည်အသွေးကောင်းတဲ့ Moisturizer ကိုအသုံးပြုပါ

 

Moisturizer အသုံးပြုခြင်းက အစိုဓာတ်ပြည့်ဝပြီးတင်းရင်းတဲ့အသားအရေရဖို့အတွက် မဖြစ်မနေပြုလုပ်ရမယ့် အဆင့်တစ်ခုဖြစ်ပါတယ်။ အသုံးပြုတဲ့အခါမှာ အသားအရေနီမြန်းခြင်းနဲ့အဆီပြန်ခြင်းတွေ မဖြစ်စေဘဲ အသားအရေအမျိုးအစားတိုင်းနီးပါးနဲ့အဆင်ပြေပြီး အစိုဓာတ်အချိန်ကြာကြာထိန်းထားပေးနိုင်မယ့် Moisturizer မျိုးကိုအသုံးပြုပေးပါ။

၃။ ဘဘာဝပစ္စည်းတွေပါဝင်တဲ့ Skincare Product တွေကိုပဲအသုံးပြုပါ

ဓာတုပစ္စည်းတွေပါဝင်တဲ့ Skincare ပစ္စည်းတွေက ဓာတ်မတည့်ခြင်းနဲ့ အသားအရေခြောက်ကပ်ပြီး အရေးအကြောင်းပေါ်ခြင်းတွေအထိဖြစ်လာတတ်ပါတယ်။ ဒါတွေကိုကာကွယ်ဖို့အတွက် အနံ့၊ ဆိုးဆေးနဲ့ Alcohol တွေမပါဝင်တဲ့ သဘာဝအတိုင်းရရှိတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ Skincare Product တွေကို တတ်နိုင်သလောက်အသုံးပြုပေးပါ။

၄။ တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ

မနက်အိပ်ရာထတဲ့အချိန်နဲ့ အိပ်ရာဝင်ခါနီးချိန်တွေမှာ မျက်နှာပုံမှန်သစ်တတ်တဲ့အလေ့အကျင့်ကိုပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ထားလို့ချွေးထွက်များတဲ့အချိန်မျိုးမှာလည်း မျက်နှာပြန်သစ်သင့်ပါတယ်။ မျက်နှာအလွန်အကျွံ သစ်တာကလည်း အသားအရေခြောက်ကပ်ခြင်းနဲ့ယားယံခြင်းတွေဖြစ်တတ်တာကြောင့် တစ်နေ့ကိုသုံးခါထက်ပို မသစ်သင့်ပါဘူး။ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ Cleanser ကိုလည်း နေ့စဉ်ပုံမှန်အသုံးပြုပေးဖို့လိုပါတယ်။

၅။ Sunscreen လိမ်းဖို့မမေ့ပါနဲ့

Sunscreen က ရာသီမရွေး၊ အသက်အရွယ်မရွေး လိမ်းသင့်တဲ့အသားအရေ ထိန်းသိမ်းမှုအဆင့်တစ်ခု ဖြစ်ပါတယ်။ Sunscreen ပုံမှန်လိမ်းတဲ့အကျင့်မရှိတာကလည်း အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ မနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာ Sunscreen ပုံမှန်လိမ်းပေးသင့်ပြီး အပြင်ထွက်ရတဲ့ သူတွေဆိုရင်တော့ SPF 50 နဲ့အထက်ပါဝင်တဲ့ Sunscreen မျိုးကို အသုံးပြုသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar