အားလုံးပဲ မင်္ဂလာပါ။ ဘဝမှာ စိတ်ရောကိုယ်ပါကျန်းမာနေဖို့ဆိုရင် ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှု Lifestyle နဲ့ အမူအကျင့်တွေအပေါ် အဓိကမူတည်ပါတယ်။ ဟန်ချက်ညီတဲ့ Lifestyle မျိုး ဖန်တီးနိုင်ဖို့အတွက် ကိုယ်တိုင်က ပြုပြင်ပြီး အကျင့်လုပ်ပေးရမယ့်အရာတွေရှိပါတယ်။ ဒီတစ်ခေါက်မှာ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုအတွက် အဓိကလုပ်ပေးသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ရပါတယ်နော်။ ဒါတွေကိုသာ အကျင့်လုပ်ထားမယ်ဆိုရင် အနာဂတ်က သင်က လက်ရှိအချိန်ကို ပြန်ပြီးကျေးဇူးတင်နေမှာ သေချာပါတယ်။

ယောဂကျင့်ကြည့်ပါ

ယောဂကျင့်တာက ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ အလေ့အကျင့်တစ်ခုပါနော်။ သူက ခန္ဓာကိုယ်ပျော့ပြောင်းကာ အကြောပြေလျှော့ပြီး အားအင်ပြည့်စေသလို စိတ်တည်ငြိမ်ပြီး Stress တွေပါ လျော့ကျစေပါတယ်။ ယောဂလုပ်နည်းများစွာရှိတာမို့ ကိုယ့်လုပ်နိုင်သလောက် လေ့ကျင့်ပြီး စလုပ်ကြည့်ပါ။

အိပ်ချိန်ကောင်းကောင်းထားတဲ့ အကျင့်မွေးပါ

အိပ်ချိန်မှန်တာက သင့်ကိုပိုစိတ်ကြည်လင်ပြီး အလုပ်လုပ်နိုင်စွမ်းလည်း ပိုကောင်းပါတယ်။ တစ်နေ့ကို ၇နာရီလောက် အနည်းဆုံးအိပ်ချိန်ပေးပါ။ အိပ်ရာဝင်မယ့်အချိန်ကို ပုံသေသတ်မှတ်ထားပါ။ နောက်ကျမှအိပ်ပြီး ထတာထက် စောစောအိပ် စောစောထတဲ့အကျင့်လုပ်ပေးရင် အကောင်းဆုံးပါပဲ။

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ

လေ့ကျင့်ခန်းအတွက် အချိန်ပေးတာကလည်း ဟန်ချက်ညီတဲ့ Lifestyle ဖန်တီးနိုင်ဖို့ တစ်စိတ်တစ်ပိုင်းအရေးကြီးပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမှ စိတ်ရောကိုယ်ပါ တက်ကြွပြီး ကျန်းမာတဲ့ ဝိတ်ကို ထိန်းထားနိုင်မှာပါ။ လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် လှုပ်လှုပ်ရှားရှားနေပေးပါ။ တစ်နေ့ အနည်းဆုံး ၃၀ မိနစ်နဲ့ တစ်ပတ်မှာ အနည်းဆုံးငါးရက်လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။

မျှတတဲ့စားသောက်မှုပုံစံရှိသင့်တယ်

စိတ်ရောကိုယ်ပါ ကျန်းမာဖို့ မှန်ကန်မျှတတဲ့ စားသောက်မှုပုံစံရှိဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့စွမ်းအင် Level ကိုမြှင့်တင်ပေးနိုင်တဲ့အစားအသောက်တွေကို ပမာဏမျှတအောင် ရွေးချယ်စားပါ။ အသင့်စားတွေ၊ အဆီအစိမ့်နဲ့ အချိုများတာတွေကိုတော့ တတ်နိုင်သလောက်လျှော့စားပေးပါ။ တစ်နေ့တာအတွက် ခန္ဓာကိုယ်ရေဓာတ်က အရေးကြီးတာမို့ ရေကိုလည်း များများသောက်ဖို့လိုပါတယ်။

လိုအပ်တဲ့ Supplement တစ်မျိုးမှီဝဲပါ

Supplement သောက်တာက အစားအသောက်နဲ့ မလုံလောက်တဲ့ အခြားသော ဗီတာမင်ဓာတ်တွေကို ဖြည့်ပေးနိုင်လို့ သင့်ကို ပိုပြီးကျန်းမာစေမှာပါ။ ခန္ဓာကိုယ်အတွက်ရော၊ အသားအရေအတွက်ပါ အကျိုးပြုမယ့် Supplement မျိုးရွေးပြီး သောက်ပေးပါ။ ဘေးထွက်ဆိုးကျိုးမရှိအောင် ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်တဲ့အတိုင်းသောက်ဖို့တော့ လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar