နီရဲသောအရောင်အသွေးနှင့် အရည်ရွမ်းသောအသီးအနှံဖြစ်သည့် ခရမ်းချဉ်သီးများသည် ကိုယ်ခန္ဓာကျန်းမာရေးကိုသာမက ဝင်းလက်သော အသားအရေရရှိရန်အတွက်လည်း ကူညီပေးနိုင်ပါတယ်။ Antioxidants များနှင့် အခြားအာဟာရဓာတ်တို့ အများအပြားပါဝင်သော ခရမ်းချဉ်သီးကို ဟင်းလျာများချက်ပြုတ်ရာတွင်သာမဟုတ်ပဲ အသားအရေပေါ်ရှိအစက်အပြောက်များနှင့် အမည်းကွက်များကိုပါ ပျောက်ကင်းစေရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ထို့အတွက် ခရမ်းချဉ်သီးပေါင်းစပ်ပါဝင်သည့် မျက်နှာသစ်များ၊ သန့်စင်ဆေးများ၊ တိုနာများကိုအသုံးပြုမည့်အစား မျက်နှာအသားအရေကို လုံးဝပြောင်းလဲပစ်လိုက်နိုင်သည့် ခရမ်းချဉ်သီးသဘာဝမျက်နှာပေါင်းတင်နည်းအချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁။ ခရမ်းချဉ်သီးနှင့်သခွားသီး

ခရမ်းချဉ်သီးတစ်လုံး၏ အရည်မှန်သမျှကိုညှစ်ထုတ်၍ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရှိ သခွားသီးအနှစ်၊ ပျားရည်တို့ဖြင့် ရောစပ်မွှေပေးပါ။ ထိုအရောကို မျက်နှာပေါ်သို့ လိမ်းခြယ်၍ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ထားရှိပြီးနောက်မှာ ကြက်သီးနွေးထရုံရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။ အဆီပြန်သူများပြုလုပ်ရန်အတွက် အထူးသင့်တော်သည့်နည်းလမ်းပဲဖြစ်ပါတယ်။

၂။ ခရမ်းချဉ်သီးနှင့်သံလွင်ဆီ

အလယ်အလတ်အရွယ်အစားရှိသည့် ခရမ်းချဉ်သီး၏အရည်ကိုညှစ်၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်းပမာဏရှိ သံလွင်ဆီကိုပေါင်းမွှေပါ။ ထို့နောက် မျက်နှာပေါ်တွင် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် သို့မဟုတ် ခြောက်သွားသည်အထိထားပြီးနောက် ရေအေးအစား နွေးရုံမျှရေကိုအသုံးပြု၍ အဝိုင်းပုံသဏ္ဍာန်အတိုင်းမျက်နှာကို ဆေးကြောနှိပ်နယ်ပေးပါ။ အလွန်တရာမှ အသားအရေခြောက်တတ်သူများ အသုံးပြုပေးနိုင်ပါတယ်။

၃။ ခရမ်းချဉ်သီးအနှစ်

ပြုတ်ထားသောခရမ်းချဉ်သီးများကို ဖိချေ၍ အနှစ်ရရှိလာသည့်အခါ မျက်နှာပေါ်သို့ အဝိုင်းပုံစံအတိုင်းပွတ်လိမ်းကာ ခြောက်သွားသည်အထိထားပေးပါ။ နေလောင်ခံအမည်းကွက်များကို ဖယ်ရှားလိုသူများ စမ်းကြည့်နိုင်ပါတယ်။

၄။ ခရမ်းချဉ်သီး၊ ဒိန်ချဉ်နှင့်သံပုရာသီး

ညှစ်ထုတ်ထားသည့် ခရမ်းချဉ်သီးအရည်သို့ သံပုရာရည်နှစ်ဇွန်းနှင့်ဒိန်ချဉ်တို့ကို ပေါင်းစပ်၍ ရရှိလာသည့်အရောကို မျက်နှာပေါ်သို့ လိမ်းခြယ်၍ ၁၅ မိနစ် မှ မိနစ် ၂၀ ခန့်အထိထားရှိပြီးနောက်မှာ ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

၅။ ခရမ်းချဉ်သီးနှင့်အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်နှစ်ဇွန်းကို ခရမ်းချဉ်သီးအနှစ်နှစ်ဇွန်း၊ သခွားသီးအနှစ်တို့ဖြင့် ရောမွှောပြီး မျက်နှာပေါ်တွင် ၁၅ မိနစ်ကြာထားရှိ၍ ရေနွေးနွေးဖြင့် မသစ်ခင်အချိန် အဝိုင်းပုံသဏ္ဍာန်အတိုင်း ပွတ်သပ်ပေးပါ။ မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် ဝင်းလက်တောက်ပသော အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။