တစ်ခါတစ်လေကျရင် ကိုယ့်ချစ်သူအပေါ်မှာ စိတ်ကုန်လာတာ၊ စိတ်ပျက်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ခဏခဏဖြစ်လာရင်တော့ မတွဲချင်တော့ဘူးဆိုတဲ့ အတွေးတွေလည်း ဝင်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေရင် ကိုယ့်ချစ်သူအပေါ် တစ်ဖြေးဖြေးစိတ်ကုန်လာတဲ့အခါမှာ ဒီအချက် ၅ ချက်ကို ပြန်စဉ်းစားကြည့်ပါ။

ခဏခဏငိုနေရလား

သူ့ကြောင့်နဲ့ ပျော်ရတာနည်းပြီး ခဏခဏငိုနေရလား၊ စိတ်ညစ်နေရလား၊ စိတ်ဆင်းရဲနေရလားဆိုတာတွေ ပြန်စဉ်းစားကြည့်ပါ။ အစပိုင်းမှာတော့ ပျော်ရပြီး နောက်ပိုင်းမှာ ခဏခဏငိုနေရတယ်၊ အဆင်မပြေတာတွေ များလာတယ်ဆိုရင်တော့ ရေရှည်မှာ သိပ်ပြီးအဆင်မပြေပါဘူး။

ကိုယ့်အပေါ်ခဏခဏလိမ်ညာနေလား

RS တစ်ခုမှာ အလိမ်အညာတွေများနေရင် အဆင်မပြေပါဘူး။ ခဏခဏ ရန်ဖြစ်စကားများနေရမှာပါ။ ဘယ်လောက်ပြောပြော ကိုယ်မကြိုက်တာတွေပဲ လုပ်နေပြီး လိမ်ညာနေတယ်ဆိုရင်တော့ စိတ်ကုန်လာတဲ့ကိုယ်က မမှားပါဘူး။

ကိုယ့်အတွက်အချိန်ပေးရဲ့လား

အရာရာကိုယ့်အတွက်ပဲ ဦးစားပေးရမှာမျို မဟုတ်ပေမယ့်လည်း ကိုယ့်ချစ်သူအတွက်တောင် အချိန်မပေးနိုင်တာမျိုး ဖြစ်နေရင်တော့ သိပ်အဆင်မပြေပါဘူး။ တချို့ကျတော့ ကိုယ့်ချစ်သူအတွက်သာ အချိန်မပေးတာ အပေါင်းအသင်းနဲ့ တခြားသူတွေအတွက်ဆို အမြဲအဆင်သင့်ဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။

ကိုယ့်အပေါ်ကြင်နာမှု၊ ဂရုစိုက်မှုရှိလား

ကိုယ့်အပေါ်မှာ စတွဲတုန်းကလို ဂရုစိုက်ကြင်နာမှုတွေ ရှိသေးရဲ့လား၊ နောက်ပိုင်းမှာ လုံးဝဂရုမစိုက်တော့ပဲ ပစ်ထားတာတွေ များနေပြီလားဆိုတာတွေကိုလည်း ပြန်စဉ်းစားကြည့်ပါ။

တခြားတစ်ယောက်နဲ့ပတ်သက်တာမျိုးရှိလား

ကိုယ့်အနေနဲ့ကတော့ ကိုယ့်ချစ်သူကမူမမှန်တာတွေ ဖြစ်နေပြီဆိုရင် သိမှာပါပဲ။ ဒီတော့ ကိုယ့်စိတ်ထဲ သံသယဖြစ်နေတာ၊ တစ်ယောက်ယောက်နဲ့ ပတ်သက်တယ် ထင်နေရတာမျိုး ရှိလားဆိုတာကို ပြန်စဉ်းစားပြီး ဟုတ်တယ်ဆိုရင် သေချာစုံစမ်းသင့်ပါတယ်။

ဒီအချက် ၅ ချက်နဲ့ တော်တော်များများ တိုက်ဆိုင်နေပြီဆိုရင်တော့ သူ့အပေါ်မှာ စိတ်ကုန်လာတာ မမှားပါဘူး။ ဒီတော့ ကိုယ့်စိတ်ချမ်းသာမယ်ထင်သလိုသာ ဆုံးဖြတ်လိုက်ပါ။ ကိုယ့်စိတ်ကိုသာ ပျော်အောင်ထားပြီး စိတ်ချမ်းသာအောင်နေလိုက်ပါ။