လူတိုင်းကတော့ ဘဝမှာ အနိမ့်အမြင့်၊ အတက်အကျတွေ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေ ရှိကြတာပါပဲ။ အဓိကက ဒါတွေကို အံတုပြီး ကျော်လွှားနိုင်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူနိုင်မယ့် အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ဝါသနာပါတာကိုလုပ်ပါ

ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ဝါသနာပါတာတွေကို လုပ်နေရတာလောက် စိတ်ချမ်းသာပျော်ရွှင်ရတာ မရှိပါဘူး။ ဒါကြောင့် ဘဝမှာပျော်ရွှင်ဖို့ စိတ်ချမ်းသာဖို့ဆိုရင် ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတာကို ရဲရဲဝံ့ဝံ့လုပ်ပြီး ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ပါ။ အောင်မြင်သွားရင် ပျော်ရွှင်မှုကိုခံစားပြီး ကျရှုံးသွားရင်လည်း စိတ်ဓာတ်မကျပဲ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို စဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် ထပ်လုပ်ပါ။

အတွေးမများပါနဲ့

အရာရာကို အတွေးတွေများပြီး လျှောက်တွေးနေရင် ပိုပြီး စိတ်ညစ်ရတယ်၊ မပျော်ရွှင်ရပါဘူး။ မဖြစ်သေးတာတွေ၊ မလုပ်ရသေးတာတွေကို ကြိုတွေးပြီး စိုးရိမ်နေရင်၊ ကြောက်စိတ်တွေဝင်နေရင် ကိုယ့်စိတ်ပဲပင်ပန်းရပါတယ်။ အရာရာကို အကောင်းဘက်ကပဲတွေးမယ်ဆိုရင် ကြောက်စိတ်တွေ ပျောက်သွားပါမယ်၊ စိုးရိမ်နေတာတွေလည်း လျော့ကျသွားပါမယ်။ ဒါမှလည်း လက်ရှိပစ္စုပ္ပန်မှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်မှာပါ။

သူများအပြောအဆို၊ အထင်အမြင်တွေကို ဂရုမစိုက်ပါနဲ့

ကိုယ်ဘာပဲလုပ်လုပ် လိုက်ကြည့်ပြီးပြောဆိုချင်နေတဲ့ ပတ်ဝန်းကျင်ကတော့ ရှိတာပါပဲ။ ဒါတွေကို ဂရုစိုက်နေမယ်ဆိုရင် ကိုယ့်ရဲ့ပျော်ရွှင်ရတဲ့အချိန်တွေ ကုန်ဆုံးတာပဲရှိပါတယ်။ ဒါတေကြာင့် ကိုယ်စိတ်ချမ်းသာမယ်၊ ပျော်မယ်ထင်တာတွေကို လုပ်ချင်လုပ်လိုက်ပါ။ သူများရဲ့ အထင်အမြင်တွေကို ဂရုစိုက်မနေပါနဲ့။ ကိုယ့်ကို ပြောဆိုနေတာတွေကိုလည်း စိတ်ထဲထည့်မနေပါနဲ့။

ကိုယ်ချစ်တဲ့သူတွေနဲ့ပျော်ရွှင်စွာနေပါ

ကိုယ်ချစ်ရတဲ့ ကိုယ်တန်ဖိုးထားရတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။ စိတ်ညစ်စရာတွေကို မျှဝေခံစားပြီး၊ ပျော်စရာတွေကိုလည်း အတူတူမျှဝေပြီး ပျော်ရွှင်ပါ။ ကိုယ့်ကိုမလိုအပ်တဲ့သူတွေ၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့ ဝေးဝေးနေပါ။

ခရီးထွက်ပါ

ခရီးသွားတာက စိတ်ကိုပျော်ရွှင်မှုပေးစွမ်းနိုင်ပြီး၊ စိတ်သစ်လူသစ်ဖြစ်စေတယ်၊ စိတ်လည်းလန်းဆန်းစေပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ ခဏခဏခရီးထွက်ပါ။ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ကိုယ့်ချစ်သူနဲ့ ခရီးတွေတူတူထွက်ရင် ရင်းနှီးမှု၊ နွေးထွေးမှုနဲ့ ပျော်ရွှင်မှုတွေကို ပိုပြီးရရှိစေပါတယ်။