မင်္ဂလာပါနော်။ ဓာတ်ပုံရိုက်တိုင်း ခန္ဓာကိုယ်အချိုးအစားကျပြီး ပြင်စရာမလိုတဲ့ ပုံကောင်းတစ်ပုံကိုတော့ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ ပျိုမေတိုင်း လိုချင်ကြမှာပါနော်။ ဓာတ်ပုံထဲမှာ ခန္ဓာကိုယ်လေး သွယ်သလို မြင်ရဖို့ဆိုရင် သင့်ရဲ့ပိုလှတဲ့ ရှု့ထောင်နဲ့ ရိုက်ပုံရိုက်နည်းအယူအဆတွေကို သိထားတာ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာကတော့ သိပ်ပြီးအားထုတ်စရာမလိုဘဲ ဓာတ်ပုံထဲမှာ ခန္ဓာကိုယ်ပိုသွယ်သွားသလို မြင်ရအောင်လုပ်နိုင်မယ့် ရိုက်နည်းတွေအကြောင်းပဲဖြစ်ပါတယ်နော်။ နာမည်ကြီး Cele တွေကိုယ်တိုင်လုပ်တတ်တဲ့နည်းတွေဖြစ်လို့ ဘယ်လိုရိုက်ရမလဲ သိချင်ရင် ဆက်ကြည့်လိုက်ရအောင်-

အပေါ်စီးကရိုက်ပါ


ကင်မရာကိုအပေါ်စီးကထားပြီး ရိုက်တဲ့အခါ ခန္ဓာကိုယ်နဲ့ နည်းနည်းဝေးလိုက်တာမို့ ပိုသွယ်သလိုမြင်ရပြီး လည်တိုင်လေးကိုပါ ရှည်ရှည်သွယ်သွယ်ဖြစ်သွားစေမှာပါ။ အရမ်းမြှင့်ပြီး ရိုက်စရာမလိုဘဲ သင့်ထက် အနည်းငယ်အရပ်ရှည်တဲ့သူက လှမ်းရိုက်လိုက်တဲ့အနေအထားလောက်မှာ ထားနိုင်ပါတယ်နော်။

ခန္ဓာကိုယ်အနည်းငယ် လိမ်ပေးပါ


ဓာတ်ပုံထဲမှာကြည့်ကောင်းနေဖို့ ကိုယ်နေဟန်ထားက အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ်ကို ကင်မရာနဲ့ တည့်နေအောင်မထားဘဲ တစ်ဖက်ကို မသိမသာလေး ယိမ်းပြီးလိမ်ပေးလိုက်ပါ။ ဗိုက်ပူတာတွေမမြင်ရအောင် ခါးနဲ့ ကျောကိုပါ ဆန့်ထားဖို့လိုပါတယ်။ ခြေထောက်တစ်ဖက်နောက်မှာထားကာ တစ်ဖက်ကို ကင်မရာတည့်တည့် အရှေ့ထုတ်ပြီး ရိုက်ရင် ပိုပုံကျပါတယ်နော်။

ရင်အနည်းငယ်ကော့ပြီး ဗိုက်ချပ်ထားလိုက်ပါ


ခန္ဓာကိုယ်ဘေးတစ်စောင်းရိုက်တဲ့အခါ ဗိုက်ကိုရှေ့ထုတ်ထားတာက ခန္ဓာကိုယ်ပိုကြီးပြီး အရပ်ပုသွားသလိုပါ မြင်ရတတ်ပါတယ်နော်။ ရင်ဘတ်ကိုအနည်းငယ်ကော့ပြီး ခါးဆန့်ကာ ဗိုက်နည်းနည်းချပ်ပြီး ရိုက်လိုက်တာက Body အချိုးအစားပိုပေါ်ပြီး ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

လက်မောင်းကို ခန္ဓာကိုယ်နဲ့ခွာထားပါ


ဓာတ်ပုံရိုက်တဲ့အခါ လက်မောင်းကို ခန္ဓာကိုယ်နဲ့မကပ်စေဘဲ အနည်းငယ်ခွာရိုက်တာက လက်မောင်းပိုသွယ်သွားသလို မြင်ရတတ်ပါတယ်နော်။ လက်လေးမြှောက်ပြီးရိုက်တာ၊ ခါးထောက်ရိုက်တာမျိုး စမ်းကြည့်ပါနော်။

အရောင်ရင့်အင်္ကျီလေးတွေဝတ်ပါ


အနက်၊ အညိုစတဲ့ အရောင်ရင့်ရင့်အင်္ကျီတွေက ခန္ဓာကိုယ်ပိုသွယ်သွားသလို မြင်ရတာမို့ ဒီလိုအရောင်လေးတွေရွေးဝတ်တာကလည်း သင့်ကို ဓာတ်ပုံထဲမှာ ထင်းပြီး ပိုသွယ်သွားပုံပေါက်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar