အာရုံစိုက်အားကောင်းတာက အလုပ်တာဝန်တွေအချိန်တိုအတွင်းပြီးမြောက်ဖို့ အဓိကသော့ချက်ပါပဲနော်။ ဒါပေမယ့် အချိန်အတော်ကြာအာရုံစိုက်ထားနိုင်ဖို့က ထင်သလောက်တော့ မလွယ်ကူပါဘူး။ အတွေးများတဲ့သူတွေဆိုရင် ပိုဆိုးပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တာ၊ Stress များတာတွေကလည်း သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကို ထိခိုက်စေမှာပါ။ ဒီတစ်ခေါက်မှာ အာရုံစိုက်ရခက်တဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ပံ့ပိုးပေးနိုင်တဲ့ ဖြေရှင်းနည်းအချို့ကို မျှဝေပေးချင်ပါတယ်။ ပုံမှန်လေးလေ့ကျင့်ပေးမယ်ဆိုရင် သိသိသာသာအာရုံပိုစိုက်လာနိုင်တာကို တွေ့ရမှာပါ။

ပတ်ဝန်းကျင်က အာရုံပြောင်းစေတဲ့အရာတွေကို လျှော့ချပါ


အလုပ်တစ်ခုအပေါ် အာရုံစိုက်နိုင်ဖို့ ပတ်ဝန်းကျင်က ကိုယ့်ကိုအာရုံလွှဲစေမယ့်အရာတွေကို တတ်နိုင်သလောက် ဝေးဝေးမှာ ထားသင့်ပါတယ်။ အာရုံများစေတဲ့ အလုပ်နှစ်ခုတစ်ပြိုင်တည်းလုပ်တာမျိုးကို ရှောင်ပေးပါ။ အသံကြောင့်အာရုံစိုက်ရခက်တဲ့သူတွေဆိုရင် တိတ်ဆိတ်တဲ့နေရာမှာအလုပ်လုပ်တာ၊ ဖုန်းသံကြို ပိတ်ထားတာမျိုး လုပ်သင့်ပါတယ်။ ကိုယ့်အခန်းပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားတာကလည်း စိတ်ကြည်ပြီး အာရုံပိုစိုက်နိုင်စေမှာပါ။

နားထောင်ကောင်းသူဖြစ်ဖို့လိုပါတယ်

Photo Source: lingoneo.com

စကားပြောတဲ့အခါ ကိုယ်ပြောမယ့်အရာကို စဉ်းစားပြီး အတွေးများနေတာထက် သူများပြောတာကို တကယ်တမ်းနားထဲဝင်အောင် နားထောင်တတ်တဲ့အကျင့်လုပ်ပေးပါ။ စိတ်နှစ်ပြီး သေချာနားထောင်တတ်တာက သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကို လေ့ကျင့်ပေးရာရောက်ပါတယ်။

ကိုယ့်အတွေးတွေကို ဆန်းစစ်ပါ


ရောက်တတ်ရာရာတွေးတတ်တာက ခဏလေးနဲ့အာရုံလွှင့်စေမယ့် အကြောင်းအရင်းပါပဲ။ မလိုတဲ့ ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်တာ၊ မဖြစ်သေးတဲ့အရာတွေအပေါ် တွေးပူနေတာမျိုး ဖြစ်လာတာနဲ့ လက်ရှိအချိန်ကို အာရုံပြန်စိုက်နိုင်အောင် ကြိုးစားပေးပါ။ သင့်အတွေးအများစုကို ပစ္စပ္ပုန်မှာပဲ စိတ်နှစ်ထားသင့်ပါတယ်။

တရားထိုင်ပါ၊ ယောဂကျင့်ပါ


ယောဂကျင့်တာက ဦးနှောက်ကို သွေးလည်ပတ်မှုကောင်းစေတာမို့ မှတ်ဉာဏ်နဲ့စူးစိုက်နိုင်စွမ်း မြင့်တက်စေပါတယ်။ တရားပုံမှန်ထိုင်တာကလည်း ကိုယ့်ကိုယ်ကိုယ်ပိုအာရုံစိုက်နိုင်ပြီး အတွေးတွေကို ထိန်းချုပ်နိုင်လာဖို့ ကူညီပေးမှာပါ။

အနားယူချိန်ပေးပါ


အနားယူချိန်ကောင်းကောင်းမရှိရင် လူကပင်ပန်းပြီး အလုပ်ကိုလည်း အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ စိတ်ရောကိုယ်ပါအားပြည့်နေမှ အာရုံစိုက်နိုင်စွမ်းလည်းတတ်လာမှာဖြစ်လို့ အိပ်ချိန်မှန်မှန်ထားပြီး Stress နည်းအောင် နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar