အားလုံးပဲ မင်္ဂလာပါနော်။ လေ့ကျင့်ခန်းလုပ်တော့လုပ်နေပေမယ့် ခန္ဓာကိုယ်က ထင်သလောက် ပြောင်းလဲမှုမရှိလို့ စိတ်ညစ်နေရပြီလား။ တော်တော်များများကတော့ လေ့ကျင့်ခန်းလုပ်ပြီဆို အချိန်တိုအတွင်း ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်လေးရလာဖို့ မျှော်လင့်ကြမှာပါ။ ဒါပေမယ့် လုပ်သလောက် အရာမရောက်ဘူးလို့ ခံစားနေရတယ်ဆိုရင်တော့ ထိရောက်ဖို့အတွက် ပံ့ပိုးပေးမယ့်အရာတွေကို သိထားဖို့လိုလာပါပြီ။ ဒီတစ်ခေါက်မှာ လေ့ကျင့်ခန်းလုပ်ပြီး အချိန်တိုအတွင်း ထိရောက်ချင်သူတိုင်း ဆောင်ရန်၊ ရှောင်ရန် လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ လတ်တလောလေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေအတွက် လုံးဝအသုံးဝင်စေမှာဖြစ်လို့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်နော်-

နေ့စဉ်ပုံစံတူ လေ့ကျင့်ခန်းလုပ်တာကို ရှောင်ပါ


လေ့ကျင့်ခန်းလုပ်တဲ့အခါ နေ့တိုင်း တစ်ပုံစံတည်းလုပ်တာက ထင်သလောက်ထိရောက်မှုမရှိဘဲ ပျင်းပြီး မလုပ်ချင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ တစ်ကိုယ်လုံးကြွက်သားတွေထိပြီး လေ့ကျင့်ခန်းလုပ်ရတာ ပိုပျော်စရာကောင်းအောင် ခုန်ပေါက်တာ၊ ပြေးတာ၊ အလေး မ တာတွေကို တစ်ရက်နဲ့တစ်ရက်မတူအောင် ထည့်လုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန် အကြောလျှော့ပေးပါ


လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးအချိန်တွေမှာ ခန္ဓာကိုယ်အသားကျအောင် အကြောလျှော့ပေးဖို့ မမေ့ပါနဲ့နော်။ အကြောလျှော့ပေးလိုက်တာက လေ့ကျင့်ခန်းကြောင့် ကြွက်သားနာကျင်ခြင်းကို လျှော့ချပေးရာရောက်သလို ခန္ဓာကိုယ်ပျော့ပြောင်းပြီး ပိုအမောခံနိုင်ဖို့ ပံ့ပိုးပေးမှာပါ။

လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း ဘာမှမစားပါနဲ့


လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်စားချင်တာ စားလိုက်တာမျိုးကလည်း လုပ်ထားတဲ့လေ့ကျင့်ခန်းတွေ အချည်းနှီးဖြစ်သွားနိုင်ပါတယ်နော်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာတော့ အာဟာရဖြစ်ပြီး အားပြန်ရစေမယ့် အစားအစာတွေကိုသာ ကျန်းမာရေးနဲ့ညီအောင် စားပေးပါ။ အနည်းဆုံး မိနစ် ၃၀ လောက်နေပြီးမှ စားသင့်ပါတယ်။

ကြွက်သားကျစ်လျစ်ဖို့ အာရုံစိုက်ပါ


လေ့ကျင့်ခန်းလုပ်တဲ့သူတွေက ဝိတ်ကျဖို့အတွက် ကြွက်သားတွေကျစ်လျစ်လာဖို့ကို ပိုအာရုံစိုက်သင့်ပါတယ်နော်။ ဝိတ်ကပြန်တက်ဖို့လွယ်တာမို့ ကြွက်သားတွေကို အာရုံစိုက်ပြီး ကျစ်လျစ်အောင် လေ့ကျင့်ခန်းလုပ်တာက ပိုပြီးထိရောက်တဲ့ရလဒ်ကို ရစေမှာပါ။

လေ့ကျင့်ခန်းအတွက် အချိန်သက်သက်ပေးတဲ့ အကျင့်လုပ်ပါ


လေ့ကျင့်ခန်းအတွက် သက်သက်အချိန်မသတ်မှတ်ထားတဲ့သူတွေက တစ်ရက်လောက်မလုပ်မိတာနဲ့ အကျင့်ပါသွားတတ်ပါတယ်။ အမှန်တကယ်ထိရောက်ဖို့ တစ်ပတ်ကို ငါးရက်လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ လိုတာမို့ ဖြစ်သလိုမလုပ်ဘဲ ကိုယ့်အချိန်ဇယားထဲမှာ သီးသန့်ထည့်ထားတာမျိုး လုပ်ပေးလိုက်ပါ။

လွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့


အချို့လေ့ကျင့်ခန်းတွေက ကိုယ့်ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ထိရောက်ပုံချင်းကွာတာမို့ ဇွဲရှိရှိနဲ့ ဆက်လုပ်ဖို့ အကြံပေးချင်ပါတယ်နော်။ အချိန်တစ်ခုပေးပြီး နည်းလမ်းမှန်မှန်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်တစ်ခုကို ရလာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar