အားလုံးပဲ မင်္ဂလာပါနော်။ စာသင်နေရင်း ဒါမှမဟုတ် အလုပ်လုပ်ရင်းနဲ့ မျက်စိတွေစင်းပြီး အိပ်ငိုက်လာတာမျိုး လူတိုင်းဖြစ်ဖူးကြမှာပါ။ အာရုံစိုက်ရတဲ့အချိန်မှာ ဒီလိုအိပ်ငိုက်တတ်တာက ညပိုင်းတွေမှာ လုံလောက်တဲ့အိပ်ချိန်မရှိတာကြောင့်လည်း ဖြစ်တတ်သလို အစားအသောက်ကရတဲ့ Energy ပမာဏမမျှတတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒီတစ်ခေါက်မှာ အလုပ်လုပ်ရမယ့်အချိန်မှာ အိပ်ချင်လာတတ်တဲ့သူတွေအတွက် အိပ်ချင်စိတ်ပျောက်အောင် ကူညီပေးမယ့်နည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်နားရွက်ကို ဒီလိုလုပ်ပေးပါ

အိပ်ငိုက်တာ ချက်ချင်းပျောက်ဖို့ နားရွက်ကိုဆွဲပြီး ဟိုဘက်ဒီဘက်လှည့်တာမျိုး လုပ်တာ၊ နားရွက်နောက်ဘက်က အရိုးကိုဖိပြီး အသက်ပြင်းပြင်းရှုသွင်းရှုထုတ်တာမျိုး ပြုလုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ဒီနည်းတွေက လုပ်ရလည်းလွယ်သလို ချက်ချင်းထိရောက်တဲ့နည်းတွေလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် နေ့လည်နေ့ခင်း စားပြီးတဲ့အချိန် အိပ်ချင်တတ်တဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ။

၂။ လမ်းခဏထလျှောက်ပါ

အိပ်ငိုက်လာတဲ့အခါ ထိုင်နေတာထက်စာရင် မတ်တပ်ရပ်ပြီး အကြောလျှော့ပေးတာ၊ အညောင်းပြေ လမ်းထလျှောက်တာတွေ လုပ်ကြည့်ပါ။ အိပ်ချင်ပြေသွားသလို ခံစားရပါလိမ့်မယ်။

၃။ ကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ပါ

ကဖိန်းဓာတ်က စိတ်အာရုံနိုးကြားစေပါတယ်။ ဒါကြောင့်မို့ ကဖိန်းပါဝင်တဲ့ ကော်ဖီ၊ Tea စတာတွေကို သောက်ပေးတာက အချိန်တိုအတွင်း နိုးနိုးကြားကြားဖြစ်လာအောင် ကူညီပေးမှာပါ။

၄။ သီချင်းမြူးမြူးလေးတစ်ပုဒ် နားထောင်လိုက်ပါ

အိပ်ချင်နေတဲ့အချိန် ကိုယ်ကြိုက်တဲ့ သီချင်းမြူးမြူးလေးတစ်ပုဒ် ခပ်ကျယ်ကျယ်ဖွင့်ပြီး နားထောင်တာက သင့်ကို စိတ်ကြည်လင်ပြီး လန်းဆန်းသွားစေမှာပါ။ သီချင်းလိုက်ညည်းတာ၊ စီးချက်နဲ့အညီ လိုက်လှုပ်ပေးတာကလည်း လေးပင်နေတဲ့ ခန္ဓာကိုယ်ကို ပေါ့ပါးသွားစေပါလိမ့်မယ်။

၅။ ရေထသောက်ပါ

ရေဓာတ်ခန်းခြောက်တဲ့အခါ ညဘက်အိပ်မပျော်ဖြစ်တတ်တာကြောင့် နောက်တစ်နေ့မှာ ပင်ပန်းပြီး စိတ်မကြည်မလင်နဲ့ အားကုန်နေတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ရေများများသောက်ပေးပါ။ အိပ်ချင်လာသလို ခံစားရတဲ့အခါ ရေထသောက်လိုက်တာကလည်း သင့်ကို ခေါင်းကြည်ပြီး အိပ်ချင်ပြေစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar