ပျိုမေတို့အနေနဲ့ ကိုယ်နှစ်သက်တဲ့ နှုတ်ခမ်းနီအရောင်လေး နှုတ်ခမ်းသားမှာ ကြာရှည်ခံအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို သိထားပြီးပြီလား။ မိတ်ကပ်မလိမ်းထားရင်တောင် နှုတ်ခမ်းနီဆိုးလိုက်တာနဲ့ မျက်နှာလေးလင်းသွားတတ်တာမို့ နှုတ်ခမ်းနီဆိုးပေးတဲ့အဆင့်က အရေးအကြီးဆုံးပါပဲ။ နှုတ်ခမ်းနီဆိုးပြီး ခဏနဲ့ပျယ်သွားရင် ထပ်ဆိုးရတာအလုပ်ရှုပ်တာမို့ သင့်နှုတ်ခမ်းနီကို တစ်နေကုန်ခံအောင် လုပ်လို့ရမယ့် နည်းလမ်းတွေကို ဒီတစ်ခေါက်မှာဖော်ပြပေးသွားမှာပါ။ ဒီတော့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-

နှုတ်ခမ်းကို Scrub တိုက် ချေးချွတ်ထားပါ


နှုတ်ခမ်းမှာ မလိုအပ်တဲ့ဆဲလ်သေနဲ့ အညစ်အကြေးတွေရှိနေရင် နှုတ်ခမ်းသားညိုမဲတတ်သလို နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း ခဏနဲ့ပျယ်ပြီး ကြည့်ရဆိုးသွားနိုင်ပါတယ်။ နှုတ်ခမ်းကို သဘာဝအတိုင်း အရောင်ကြည်ကြည်စိုစိုလေးဖြစ်နေအောင် တစ်ပတ်တစ်ကြိမ်ခန့် ပုံမှန်ချေးချွတ်ပေးပါ။ သကြားညို၊ အုန်းဆီတို့နဲ့ သဘာ၀ Scrub လုပ်ပြီးတော့လည်း ချေးချွတ်ပေးနိုင်ပါတယ်။

အစိုဓာတ်ပေးပါ


နှုတ်ခမ်းအစိုဓာတ်ရှိမှလည်း နှုတ်ခမ်းနီကကြာရှည်ခံပြီး စိုစိုဖူးဖူးလေးဖြစ်နေမှာမို့ အစိုဓာတ်ရဖို့ Lip Balm သုံးတာ ညပိုင်းတွေမှာ Lip Mask ကပ်တာမျိုး လုပ်ပေးပါ။ နှုတ်ခမ်းအလွယ်တကူခြောက်တတ်တဲ့သူတွေဆိုရင် နှုတ်ခမ်းနီနဲ့ Lip Balm တွဲဆိုးပေးသင့်ပါတယ်။ သဘာ၀ Lip Mask သုံးချင်သူတွေအတွက် အစိုဓာတ်အာနိသင်ပေးနိုင်တဲ့ ပျားရည်နဲ့ အုန်းဆီတို့ကို ရောကာ နှုတ်ခမ်းမှာ ငါးမိနစ်လောက်လိမ်းပြီး တစ်ရှုးနဲ့ပြန်ပွတ်ပေးတဲ့နည်းကို သုံးနိုင်ပါတယ်နော်။

Lip Liner နဲ့အရင် ပုံဖော်ပေးပါ


နှုတ်ခမ်းနီမဆိုးခင် နှုတ်ခမ်းပုံဖော်တဲ့အဆင့်ကိုလည်း မမေ့သင့်ပါဘူးနော်။ Liner သုံးပေးတာက နှုတ်ခမ်းကိုပါ ရှိရင်းစွဲထက် ပိုကြီးသွားအောင် ပြောင်းလဲပေးတဲ့အပြင် ပုံမှန်နှုတ်ခမ်းနီတွေထက် Dry ဖြစ်တာမို့ နှုတ်ခမ်းမှာ ပိုဆွဲပါတယ်။ သင့်နှုတ်ခမ်းထက် နှစ်ဆင့်လောက်မှောင်တဲ့ကာလာမျိုးသုံးပြီး ပုံဖော်ပေးလိုက်ပါ။

နှုတ်ခမ်းနီစဆိုးပါမယ်


Liner ဆွဲပြီးပြီဆိုရင်တော့ ကိုယ်ဆိုးမယ့် အဓိကအရောင်ကို ပုံမှန်အတိုင်းစဆိုးပေးရပါပြီ။ ဆိုးတဲ့အခါ ညီနေအောင် နှုတ်ခမ်းသားကို ဖြဲပြီးပြုံးထားပေးပါ။ အပေါ်နှုတ်ခမ်းအလည်ချွန်လေးမှာ ကြက်ချေခတ်ပုံစံ၊ ဘေးနှစ်ဖက်နဲ့ နှုတ်ခမ်းအောက်ပိုင်းတွေမှာ ထူထူလေးအရင်တို့ပေးပြီး Blend သေချာပြန်လုပ်ပေးလိုက်ရုံပါပဲ။

အဆီစုပ်ပေးပါ


နှုတ်ခမ်းအဆီပြန်တဲ့အခါ နှုတ်ခမ်းနီပြယ်ဖို့လွယ်တာမို့ အဆီစုပ်ပေးတဲ့ Translucent Loose Powder တစ်မျိုးသုံးပေးရပါမယ်။ နှုုတ်ခမ်းနီတစ်ထပ်ဆိုးပြီး နှုတ်ခမ်းအပေါ်ကတစ်ရှုးအုပ်ကာ Powder အနည်းငယ် Brush နဲ့ယူကာ တစ်ရှုးအပေါ်ကနေ ပုတ်ပေးရပါမယ်။ ပြီးနောက် တစ်ရှူးကိုပြန်ဖယ်ကာ နှုတ်ခမ်းအပေါ်အောက်ဖိလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနှုတ်ခမ်းနီနောက်တစ်ထပ် ထပ်ဆိုးပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ လွယ်လွယ်နဲ့ပျက်ဖို့ခက်သွားပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar