Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့က အရမ်းကို အရေးကြီးပါတယ်။ ယုံကြည်မှုမရှိရင် ဘယ်လောက်ချစ်ချစ် အဆင်မပြေပါဘူး။ ခဏခဏပြဿနာတွေတက်၊ ရန်ဖြစ်စကားများရပြီး နောက်ဆုံးမှာ ပြတ်ဆဲကုန်တာမျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ယုံကြည်မှုရှိတဲ့ Relationship ကို တည်ဆောက်ချင်တဲ့ စုံတွဲတိုင်းမှာ ဒီအချက် ၅ ချက်တော့ ရှိသင့်ပါတယ်။

ပွင့်လင်းမှု

တစ်ယောက်နဲ့ တစ်ယောက် ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်းရှိမှလည်း ယုံကြည်မှုဆိုတာ ရှိလာမှာပါ။ ပွင့်လင်းမှုမရှိရင် တစ်ယောက်အကြောင်း တစ်ယောက် သေချာသိမှာလည်း မဟုတ်ပါဘူး။ ကိုယ့်ချစ်သူအပေါ်မှာ ရိုးသားမှုရှိဖို့လည်း လိုပါတယ်။ တစ်ယောက်မသိတာကို တစ်ယောက်က မလုပ်ပါနဲ့။ တစ်ခုခုဆိုရင် ကြိုပြောထားလိုက်ရင် သံသယဖြစ်စရာလည်း ရှိတော့မှာမဟုတ်ပါဘူး။

မလိမ်ပါနဲ့

လိမ်တာကတော့ အဆိုးဆုံးပြဿနာပါပဲ။ တစ်ခါလိမ်မိရင် နောက်ထပ်လိမ်ဖို့လည်း ဝန်မလေးတော့ပါဘူး။ အလိမ်ခံရတဲ့သူကလည်း နောက်ဆို အမှန်အတိုင်းပြောရင်တောင် လိမ်နေတာလား၊ အရင်တစ်ခါလို့ လိမ်သွားပြန်ပြီလားဆိုတဲ့ သံသယစိတ်တွေနဲ့ ဖြစ်နေပါလိမ့်မယ်။ လိမ်တာနဲ့ ယုံကြည်မှုပျက်တာပါပဲ။ လိမ်ထားတာကို သိသွားလို့ စိတ်ဆိုးတာထက်စာရင် အမှန်တိုင်းပြောလိုက်လို့ စိတ်ဆိုးသွားတာက ပိုချော့ရလွယ်ပါတယ်။ ဒါကြောင့် မလိမ်မိအောင် အတတ်နိုင်ဆုံး နေသင့်ပါတယ်။

သစ္စာရှိပါ

သစ္စာမရှိပဲနဲ့တော့ တစ်ဖက်လူဆီက ယုံကြည်မှုကို လိုချင်နေလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အရှေ့မှာရော၊ နောက်ကွယ်မှာပါ သစ္စာရှိမယ်ဆိုရင် ယုံကြည်မှုတစ်ဝက်က အလိုလိုရပြီးသားပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ပိုခိုင်မြဲပြီး ပျော်ရွှင်တဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

သံသယစိတ်တွေမများပါနဲ့

မယုံကြည်အောင်လုပ်နေလို့ သံသယဖြစ်တာမျိုးမဟုတ်ပဲ ဘာမှမလုပ်တာကို ကိုယ့်အတွေးနဲ့ကိုယ် အတွေးတွေလွန်ပြီး သံသယစိတ်များနေတာမျိုး၊ တစ်ဖက်လူကို ဘာမှမသေချာပဲ စွပ်စွဲပြောဆိုတာ၊ ပြဿနာရှာတာမျိုးမလုပ်ပါနဲ့။ သံသယစိတ်တွေကြောင့်ပဲ ယုံကြည်မှုတွေ ပျက်စီးရပါတယ်။

နားလည်မှုထားပေးပါ

နားလည်မှုရှိပေးရင် ယုံကြည်မှုပိုတိုးလာစေပါတယ်။ နားလည်မှုမရှိရင် ပြဿနာတွေတက်ပြီး စွပ်စွဲပြောဆိုတာ၊ သံသယတွေဖြစ်တာ၊ အပြစ်မြင်တာတွေ ဖြစ်လာပြီး ယုံကြည်မှုတွေလည်း လျော့နည်းလာစေပါတယ်။ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာရတာလည်း နားလည်မှုမပေးနိုင်တာကြောင့်ပါပဲ။