ဘဝမှာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကတော့ လူတိုင်းမှာရှိကြတာပါပဲ။ အဓိကကတော့ ဒါတွေကို အံတုနိုင်ဖို့ပါပဲ။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲစိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေရှိရှိ၊ ဘယ်လိုပဲကျရှုံးနေပါစေ စိတ်ဓာတ်ကိုမြှင့်တင်ပြီး ဘဝရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေနိုင်မယ့် နည်းလမ်း (၅) ခုကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်ဝါသနာပါတာကိုလုပ်ပါ။

Source: www.themuse.com

ကိုယ်ဝါသနာပါတဲ့အလုပ်ကို ရဲရဲဝံ့ဝံ့လုပ်ပါ။ ငါလုပ်ရင် ဖြစ်ပါ့မလား၊ အဆင်ပြေပါ့မလားဆိုတဲ့ စိတ်တွေကို ဖျောက်ပစ်ပါ။ ဒါကြောင့် ဘဝမှာပျော်ရွှင်ဖို့ စိတ်ချမ်းသာဖို့ဆိုရင် ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတာကို ရဲရဲဝံ့ဝံ့လုပ်ပြီး ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ပါ။ အောင်မြင်သွားရင် ပျော်ရွှင်မှုကိုခံစားပြီး ကျရှုံးသွားရင်လည်း စိတ်ဓာတ်မကျပဲ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို သေချာစဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် ထပ်လုပ်ပါ။ သင့်ရဲ့ကြိုးစားမှုတွေ အရာထင်လာပါလိမ့်မယ်။

ကြောက်စိတ်တွေနဲ့ စိုးရိမ်စိတ်တွေကို ဖျောက်ပစ်ပါ။

Source: www.mytruequotes.com

ဘယ်အရာကိုပဲဖြစ်ဖြစ် မလုပ်ရသေးပဲ စိုးရိမ်နေတာမျိုးတွေ မဖြစ်ပါနဲ့။ စိုးရိမ်စိတ်တွေက သင့်ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးပစ်နိုင်ပါတယ်။ မဖြစ်သေးတာတွေ၊ မလုပ်ရသေးတာတွေကို ကြိုတွေးပြီး စိုးရိမ်နေရင်၊ ကြောက်စိတ်တွေဝင်နေရင် ကိုယ့်စိတ်ပဲပင်ပန်းရပါတယ်။ စိုးရိမ်နေတာတွေကိုလည်း တကယ်ဖြစ်လာမှသာ ရဲရဲကြီးရင်ဆိုင်လိုက်ပါ။ ဒါမှလည်း လက်ရှိပစ္စုပ္ပန်မှာ လွတ်လွတ်လပ်လပ်ပျော်နိုင်မှာပါ။

သူများပြောတာတွေကိုဂရုမစိုက်ပါနဲ့။

Source: www.glambassador.com

ကိုယ်ဘာပဲလုပ်လုပ် အပြစ်မလွတ်အောင် ပြောချင်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ ရှိစမြဲပါ။ ဒါတွေကိုဂရုစိုက်နေမယ်ဆိုရင် ကိုယ့်ရဲ့ပျော်ရွှင်ရတဲ့အချိန်တွေပဲ ကုန်ဆုံးပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ဖိနှိမ်ပြောဆိုနေတာတွေ၊ လှောင်ပြောင်ကဲ့ရဲ့နေတာတွေကို ကြုံတွေရတဲ့အခါမှာ အားမငယ်ပါနဲ့၊ ဝမ်းမနည်းပါနဲ့။ လူတိုင်းမှာတော့ အားနည်းချက်တစ်ခုစီရှိပြီးသားပါ။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲဖန်တီးလို့ရတာပါ။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့လုပ်ရပ်တွေကတော့ မှန်ကန်နေတာတွေပဲ ဖြစ်ပါစေ။

ခရီးခဏခဏထွက်ပါ။

Source: www.flipkey.com

အားလပ်ရက်တွေမှာ ခရီးထွက်ပါ။ စာအုပ်တစ်ခုထဲမှာ ကိုယ်သွားချင်တဲ့နေရာလေးတွေကို ချရေးထားပါ။ အဲ့အတွက်ပိုက်ဆံစုပြီး ဖြစ်အောင်သွားပါ။ ခရီးခဏခဏသွားတာက စိတ်ကိုပျော်ရွှင်မှုပေးစွမ်းနိုင်ပြီး စိတ်သစ်လူသစ်ဖြစ်ပြီး စိတ်လည်းလန်းဆန်းစေပါတယ်။ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ကိုယ့်ချစ်သူနဲ့ ခရီးတွေတူတူထွက်ရင် ရင်းနှီးမှု၊ နွေးထွေးမှုနဲ့ ပျော်ရွှင်မှုတွေကို ပိုပြီးရရှိစေပါတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။

Source: www.freepik.com

ကိုယ်ချစ်ရတဲ့ ကိုယ်တန်ဖိုးထားရတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။ စိတ်ညစ်စရာတွေကို မျှဝေခံစားပြီး၊ ပျော်စရာတွေကိုလည်း အတူတူမျှဝေပြီးပျော်ရွှင်ပါ။ ကိုယ့်ရဲ့စိတ်ရင်းမှန်၊ ခံစားချက်အမှန်တွေကိုလည်း ကိုယ်ချစ်ရသူတွေမြင်အောင် ထုတ်ပြပါ။ ဒါဆိုရင် သင့်မှာ စိတ်ညစ်စရာတွေရှိနေရင်တောင် သူတို့လေးတွေကြောင့် ပျော်ရွှင်ရပါလိမ့်မယ်။