လက်သည်းနီဆိုးရတာကြိုက်တဲ့ပျိုမေတိုင်းနီးပါး ရက်အနည်းငယ်နဲ့ ဆိုးထားတဲ့ လက်သည်းနီအရောင် ပျက်သွားတာမျိုးနဲ့ကြုံဖူးကြမှာပါ။ သင်ကိုယ်တိုင်လည်း လက်သည်းနီဆိုးတိုင်း ရေနဲ့ထိရုံ အခြားပစ္စည်းတွေနဲ့ အနည်းငယ်ပွတ်တိုက်မိရုံနဲ့ အလွယ်တကူအရောင်ပျယ်ပြီး ကွာကျလာတတ်တယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့အချက်တွေကို ထည့်သွင်းပြင်ဆင်ပေးဖို့လိုပါတယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့လက်သည်းနီ အရောင် အချိန်ကြာကြာအရောင်မပြယ်၊ ပုံမပျက်စေဖို့ သတိထားရမယ့်အချက်တွေကို ကြည့်လိုက်ရအောင်။

၁။ လက်သည်းနီမဆိုးခင် လက်သည်းခွံကို ရေမစိမ်မိဖို့လိုပါတယ်

ရေနဲ့ထိတွေ့ပြီးချက်ချင်း လက်သည်းနီမဆိုးသင့်ပါဘူး။ ခြောက်သွေ့နေတဲ့လက်သည်းပေါ်ဆိုးတာက လက်သည်းနီကိုပိုပြီးကြာရှည်ခံစေပါတယ်။ ဆိုးပြီးနောက်ပိုင်းမှအခြောက်မြန်စေဖို့ ရေအေးအေးနဲ့ခဏတာစိမ်ပေးတာမျိုးပြုလုပ်သင့်ပါတယ်။

၂။ လက်သည်းဖျက်ဆေးနဲ့အရင်သန့်စင်ပါ

လက်မှာရှိတတ်တဲ့ လက်သည်းအဆီတွေကလည်း လက်သည်းနီ တာရှည်မခံစေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် လက်သည်းနီမဆိုးခင် လက်သည်းဖျက်ဆေးနဲ့အရင်ပွတ်တိုက်ပြီး အဆီစုပ်ယူပေးရပါမယ်။ အရင်ကဆိုးထားတဲ့ လက်ကျန်လက်သည်းနီမရှိတဲ့သူတွေလည်း ဖျက်ဆေးနဲ့ အရင်ဆုံးသန့်စင်ပေးဖို့လိုပါတယ်။

၃။ Base Coat အရင်စဆိုးပါ

Photo Source: Wonder-Wardrobes

ဆိုးဆေးအရောင်အရင့်တွေနဲ့ တိုက်ရိုက်ထိတွေ့တာက သဘာဝလက်သည်းခွံအရောင်ဝါလာစေပါတယ်။ ဒါကြောင့် လက်သည်းအရောင်တွေကိုတန်းမဆိုးဘဲ Base Coat တစ်ထပ်ခံပေးဖို့လိုပါတယ်။ Base Coat ခံဆိုးတာက လက်သည်းနီကိုလည်း တာရှည်ခံစေပါတယ်။

၄။ လက်သည်းနီခပ်ပါးပါးဆိုးပါ

Base Coat ကိုရော လက်သည်းနီကိုပါခပ်ပါးပါးဆိုးပေးဖို့လိုပါတယ်။ လက်သည်းနီအထူဆိုးတာက လေဝင်ပြီး မညီမညာဖြစ်စေတဲ့အပြင် တော်ရုံနဲ့မခြောက်နိုင်ဘဲဖြစ်တတ်ပါတယ်။ ကြာရှည်ခံဖို့အတွက် Gel အမျိုးအစား လက်သည်းနီမျိုးကိုအသုံးပြုပါ။ ခပ်ထူထူနဲ့ အရောင်အမျိုးမျိုးစပ်ဆိုးရတဲ့ လက်သည်းဒီဇိုင်းဆန်းတွေကတော့ သိပ်ကြာရှည်မခံနိုင်တာကိုသတိပြုဖို့လိုပါတယ်။

၅။ Top Coat ဆိုးပြီးထိန်းထားပေးရပါမယ်

Photo source: MEME Cosmetics

လက်သည်းနီလွယ်လွယ်မပျက်အောင် အပေါ်ကနေ Top Coat ခပ်ပါးပါး နှစ်ထပ်ခန့်ဆိုးပြီး ထိန်းထားနိုင်ပါတယ်။ Top Coat အပါးတစ်ထပ်ဆိုးပြီး ခြောက်အောင်စောင့်ပြီးမှ နောက်တစ်ထပ်ခံပေးပါ။ ရေရှည်ခံဖို့အတွက် တစ်ပတ်မှာနှစ်ခါလောက် Top Coat ဆိုးပေးဖို့လိုပါတယ်။ ပုံမှန်လက်သည်းနီတွေက လက်သည်းအစွန်းကနေစပြီး ကွာကျတတ်တဲ့အတွက် လက်သည်းဒေါ့င်တွေကိုသေချာပြန်ဆိုးပေးဖို့ မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar