မနက်အိပ်ယာထနောက်ကျရင် ကျောင်းနောက်ကျ၊ အလုပ်နောက်ကျနဲ့ အဆင်မပြေတာတွေက မနက်ခင်းမှာကတည်းက စဖြစ်တော့တာပါပဲ။ ဒါကြောင့် မနက်စောစောထနိုင်တဲ့ အကျင့်လေးရအောင် လုပ်သင့်ပါတယ်။ မနက်စောစောထနိုင်တဲ့အကျင့် ဖြစ်လာစေဖို့ဆိုရင် ဒီအရာ ၅ ခုကိုက ကူညီပေးပါလိမ့်မယ်။ ပုံမှန်သေချာလုပ်ပေးဖို့တော့ လိုပါတယ်။
အိပ်ယာကိုသန့်ရှင်းအောင်ထားပါ
နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ဆိုရင် အိပ်ယာကို သန့်ရှင်းအောင်ထားဖို့က အရေးကြီးပါတယ်။ အိပ်ယာမသန့်ရင် ယားတာမျိုး၊ စိတ်အနှောက်အယှက်ဖြစ်တာမျိုးတွေ ဖြစ်စေတဲ့အတွက် အိပ်စက်မှုကို အနှောင့်အယှက်ပေးပါတယ်။ ကောင်းကောင်းအိပ်မပျော်ရင် မနက်လည်း စောစောထနိုင်မှာ မဟုတ်ပါဘူး။
စောစောအိပ်ပါ
ညဘက်ကိုစောစောအိပ်တတ်တဲ့ အကျင့်ဖြစ်အောင် အရင်လုပ်ရပါမယ်။ စောစောအိပ်မှ စောစောထနိုင်ပါမယ်။ နောက်ကျမှအိပ်ပြီး စောစောထနိုင်လည်း အိပ်ရေးမဝတဲ့အတွက် ခေါင်းကြည်မှာမဟုတ်ပါဘူး။ ဒါကြောင့် စောစောအိပ်ပါ။ အကောင်းဆုံးကတော့ ည ၁၀ နာရီ အိပ်တာ အကောင်းဆုံးပါပဲ။
အိပ်ချိန်နဲ့အနည်းဆုံး ၁ နာရီခြားပြီး ဖုန်းမသုံးပါနဲ့
၁၀ နာရီမှာအိပ်မယ်ဆိုရင် အနည်းဆုံး ၉ နာရီလောက်ထဲက ဖုန်းမသုံးပါနဲ့တော့။ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ facebook သုံးတာ၊ ရုပ်ရှင်ကြည့်တာတွေက မျက်စိကြောင်ပြီး အိပ်စက်မှုကို အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် ဖုန်းသုံးမယ့်အစား အိပ်ခါနီး မျက်စိညောင်းအောင် စာအုပ်ဖတ်တာမျိုး လုပ်ပေးကြည့်ပါ။
အိပ်ခါနီးရေများများမသောက်ပါနဲ့
အိပ်ခါနီးမှာ ရေအများကြီးသောက်ထားရင် ခဏခဏအပေါ့ထသွားရတာနဲ့ အိပ်ရတာ အနှောင့်အယှက်ဖြစ်စေပါတယ်။ တချို့ဆိုရင် အိပ်ပျော်ခါနီးမှ အပေါ့သွားချင်လို့ ထတာနဲ့ မျက်စိပြန်ကြောင်ပြီး အိပ်မရတော့ပါဘူး။ ဒါကြောင့် အိပ်ခါနီး ရေများများမသောက်ပါနဲ့။
စောစောထတဲ့အကျင့်ရအောင်လုပ်ပါ
စောစောထနိုင်တဲ့အကျင့်ဖြစ်အောင် စောစောထမှပဲရမှာပါ။ ဒါဆိုရင် စောစောထနိုင်အောင် အပေါ်မှာပြောထားတဲ့အချက်တွေကို လုပ်ပါမယ်။ ပြီးရင် ကိုယ်က စောစောထတတ်တဲ့အကျင့်ကို အခုမှစလုပ်မှာဆိုရင်တော့ မနက်မနိုးမှာကြောက်ရင် နှိုးစက်ပေးကြည့်ပါ။ နှိုးစက်နဲ့ထပြီး အကျင့်ဖြစ်သွားရင် အလိုလို အချိန်အတိအကျနိုးနေပါလိမ့်မယ်။