မင်္ဂလာပါ ပျိုမေတို့ရေ။ ထွေထွေထူးထူးပြင်ဆင်စရာမလိုဘဲ ကျန်းမာသန်စွမ်းတဲ့ဆံနွယ်လေးတွေကိုတော့ ပျိုမေတိုင်းလိုချင်ကြမှာပါ။ ဆံသားအုံထူလာဖို့ဆိုရင် ဆံပင်မကျွတ်အောင်ဂရုစိုက်ရတဲ့အပြင် ဆံသားကို အားဖြည့်ပေးမယ့် ပုံမှန်ထိန်းသိမ်းမှုလေးတွေလည်းလုပ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆံနွယ်ထူထူလေးပိုင်ဆိုင်ချင်သူတိုင်း လုပ်ပေးသင့်တဲ့ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးသွားမှာပါ။ ဆံပင်ပါးပြီး ကျွတ်တတ်တဲ့ပြဿနာရှိသူအတွက် အသုံးဝင်စေမှာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်ကို သေချာရွေးပါ


သင့်ဆံသားအခြေအနေက သုံးနေကျခေါင်းလျှော်ရည်ပေါ်မူတည်တာမို့ ဆံသားအရင်းတွေမှာ အစိုဓာတ်မဆုံးရှုံးစေဘဲ ဦးရေပြားကိုသန့်စင်ပေးမယ့် ခေါင်းလျှော်ရည်မျိုး ရွေးသုံးတတ်ဖို့လိုပါတယ်။ ဓာတုပစ္စည်းနည်းပြီး အစိုဓာတ်ထိန်းပေးနိုင်မယ့် သဘာဝခေါင်းလျှော်ရည်အပျော့တွေသုံးတာ အကောင်းဆုံးပါပဲ။

Conditioner ပုံမှန်သုံးဖို့ မမေ့ပါနဲ့


အထူးသဖြင့် ဆိုးဆေးတွေနဲ့ထိထားတဲ့ဆံသားက ဖွာပြီး ညှိလွယ်တာမို့ ဆံပင်ပျော့ကာ အကျွတ်သက်သာဖို့ Conditioner ကိုပိုလိုအပ်ပါတယ်။ ဆံသားအစိုဓာတ်ပေးပြီး အားဖြည့်ပေးမယ့် Conditioner တစ်မျိုးကို ခေါင်းလျှော်ချိန်တိုင်း ပုံမှန်သုံးပေးပါ။

ဦးရေပြားကျန်းမာရေးက အရေးကြီးပါတယ်


ဦးရေပြားမသန့်တဲ့အခါ အဆီပြန်တာ၊ ခေါင်းယားပြီး ဗောက်ထတာကတစ်ဆင့် ဆံပင်ကျွတ်ပြဿနာဖြစ်တတ်ပါတယ်။ ဦးရေပြားနဲ့ ဆံသားအရင်းတွေသွေးလည်မှုကောင်းဖို့ မကြာခဏနှိပ်နယ်ပေးပါ။ အုန်းဆီ၊ ဗာဒံဆီစတဲ့ Essential Oil တစ်မျိုးလိမ်းပြီး နှိပ်နယ်ပေးတာက ဆံပင်သန်ကာ အရှည်မြန်လာစေမှာပါ။

တတ်နိုင်သလောက် အပူနဲ့မထိအောင်ရှောင်ပါ


နေပူဒဏ်နဲ့ ဆံပင်ပုံသွင်းတဲ့စက်တွေကထွက်တဲ့အပူက ဆံသားကိုထိခိုက်စေတဲ့အပြင် ဦးရေပြားပါထိပြီး ဆံပင်အရှည်နှေးစေပါတယ်။ ဒါကိုရှောင်နိုင်ဖို့ အကာအကွယ်ပါမှ နေပူထဲထွက်တာ၊ အပူခံ Spray သုံးပြီးမှ ဆံသားပုံသွင်းတာမျိုးလုပ်ပေးပါ။ ခေါင်းလျှော်ပြီးချိန်မှာလည်း Dryer အပူကိုလျှော့သုံးပြီး တတ်နိုင်သလောက် သဘာဝအတိုင်း ဆံပင်အခြောက်ခံတာမျိုး လုပ်သင့်ပါတယ်။

ခြောက်လတစ်ကြိမ်လောက် ဆံပင်ညှပ်ပါ


အထူးသဖြင့် ဆံပင်အဖျားပိုင်းတွေကို ပုံမှန်တိပေးတာက အဖျားနှစ်ခွဖြစ်တာတွေပျောက်ပြီး ဆံပင်အရှည် မြန်လာစေပါတယ်။ ဆံပင်ပါးတဲ့သူတွေဆိုရင် ပိုပြီးလိုအပ်ပါတယ်နော်။ ပျက်စီးနေတဲ့အဖျားပိုင်းတွေ ရှင်းထုတ်လိုက်တာက ဆံပင်ထွက်နှုန်းလည်း ပိုသန်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar