အဖျားတွေဖွာပြီး အရောင်မွဲနေတဲ့ဆံသားကို ပြန်လည်ဖြောင့်စင်းပြီး ကြည့်ကောင်းလာဖို့အတွက် Rebond လုပ်တဲ့နည်းကို အသုံးများလာကြပါတယ်နော်။ သင်ကိုယ်တိုင်လည်း ဆံသား Rebond လုပ်ထားတယ် ဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ ထိန်းသိမ်းနည်းတွေက သင့်အတွက်အသုံးဝင်မှာပါ။ ဆံသားအားပြည့်ပြီး အမြဲလှနေဖို့ Rebond လုပ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ပြုပြင်ပြီးနောက် အလှမပျက်အောင် ထိန်းသိမ်းမှုတွေ လုပ်ပေးဖို့လည်းလိုပါတယ်။ အခုတစ်ခေါက်မှာ Rebound လုပ်ထားတဲ့ဆံသားပိုင်ရှင်တွေအတွက် ပုံမှန်လုပ်ပေးသင့်တဲ့ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေအေးအေးနဲ့ ခေါင်းလျှော်ပါ
Rebond လုပ်ထားတဲ့ဆံသားကို ရေအပူနဲ့ ထိလို့မရပါဘူးနော်။ ရိုးရိုးရေ (သို့) ရေအေးအေးနဲ့သာ ခေါင်းလျှော်တာမျိုး လုပ်ပေးပါ။ ခေါင်းလျှော်ရည်ကိုလည်း Chemical နည်းပြီး သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ Shampoo အပျော့လေးတွေသုံးဖို့လိုပါတယ်။
၂။ ပုံမှန်လေးပေါင်းတင်ပေးပါ
ဆံပင် Rebond လုပ်ပြီးရင် ဆံသားကို ပုံမှန်လေး ပေါင်းတင်ပေးဖို့က အဓိကပါ။ ခေါင်းလျှော်ပြီး ဆံပင်ပေါင်းဆေးကောင်းကောင်းလေးသုံးဖို့လိုသလို ဆံသားကိုအားဖြည့်ပေးမယ့် သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ခါလောက် ပေါင်းတင်ပေးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။
၃။ အသွားကျဲခေါင်းဖြီးတွေသုံးပါ
Rebond လုပ်တာမှာ သုံးရတဲ့ အပူနဲ့ Chemical ဓာတ်တွေက ဆံသားကိုအနည်းနဲ့အများအားနည်းပြီး ကျွတ်လွယ်စေတာကြောင့် ဆံပင်ဖြီးတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမဖြီးမိအောင် သတိထားပေးရပါမယ်။ မလိုအပ်ဘဲ ဆံပင်မကျွတ်အောင် အသွားကျဲတဲ့ ခေါင်းဖြီးလေးတွေသုံးပြီး ဖြေးဖြေးချင်းဖြီးပေးပါ။
၄။ ဆံပင်ပုံသွင်းတဲ့အခါ အပူခံ Spray အရင်ဖြန်းပေးပါ
Rebond လုပ်ပြီးချိန် အပူနဲ့ထပ်ပြီး ထိတွေ့တာက ဆံပင်တွေကျွတ်ပြီး ပြတ်ကျတတ်ပါတယ်။ မဖြစ်မနေ ဆံသားပုံသွင်းရတော့မယ်ဆိုရင် ဆံပင်ကိုထပ်ပြီး အပူနဲ့ မထိရအောင် အပူခံ Spray အရင်သုံးပြီး ကာကွယ်ပေးထားပါ။ ခေါင်းလျှော်ပြီးချိန် Hair Dryer သုံးတဲ့အခါမှာလည်း အပူလျှော့ပြီးသုံးဖို့ အကြံပေးချင်ပါတယ်။
၅။ ဆံပင်စည်းတဲ့အခါ သတိထားပါ
Rebond နဲ့ဆံပင်ဖြောင့်ပြီး တစ်လလောက်ထိ ဆံပင်ကို ခပ်တင်းတင်းစည်းတာမျိုး မလုပ်သင့်ပါဘူး။ ပြုပြင်ပြီးခဏနဲ့ ဆံနွယ်တွေကျိုးပြီး ပျက်စီးတတ်တာမို့ သင့်အနေနဲ့ ပိုက်ဆံအကုန်ခံပြီး Rebond လုပ်ထားတာ အချည်းနှီးဖြစ်သွားပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar