ပုံမှန်အချိန်မှာတောင် အသားခြောက်တဲ့သူတွေက ဆောင်းရာသီမှာဆိုရင် ပိုပြီးတော့ အသားခြောက်ပါတယ်။ အသားခြောက်ရုံတင်မကပဲ အသားပတ်တာပါ ဖြစ်လေ့ရှိပါတယ်။ တချို့ကျတော့လည်း ဆောင်းရာသီရောက်မှ အသားအရမ်းခြောက်တာမျိုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသားအရေမပျက်စီးပဲ အမြဲလှနေအောင် ဆောင်းရာသီမှာ အသားခြောက်တတ်တဲ့သူတွေ သတိထားဆင်ခြင်ရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရေနွေးနဲ့ရေမချိုးပါနဲ့

ဆောင်းရာသီမှာအေးတယ်ဆိုပြီး ရေနွေးနဲ့ ရေချိုးတာမျိုး မလုပ်ပါနဲ့။ ရေနွေးနဲ့ရေချိုးလိုက်ရင် အညောင်းအညာပြေပြီး နေလို့ကောင်းပေမယ့် အသားအရေအတွက်ကျ မကောင်းပါဘူးနော်။ အသားခြောက်စေပါတယ်။ ဆောင်းရာသီမှာ အသားခြောက်တတ်ရင် ပိုပြီးဆင်ခြင်ရပါမယ်။ ရေအေးနဲ့ပဲ ရေချိုးပေးပါ။

Lotion လိမ်းဖို့ မပျင်းပါနဲ့

ဆောင်းရာသီမှာ Lotion လိမ်းဖို့ လုံးဝမပျင်းပါနဲ့။ အသားခြောက်တတ်တဲ့သူနဲ့ အသားအရမ်းခြောက်တဲ့သူတွေဆိုရင် ဆောင်းရာသီမှာ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Lotion ကိုပဲ ရွေးသုံးပါ။ တစ်နေ့ ၂ ကြိမ် Lotion လိမ်းပါ။ တစ်နေ့ကို ရေတစ်ခါပဲချိုးရင်တောင် လက်တွေ၊ ခြေထောက်တွေကို ဆေးပြီး Lotion ပြန်လိမ်းပေးပါ။ သတိရတိုင်းလိမ်းပေးလေ ပိုကောင်းလေပါပဲ။

ရေသောက်မနည်းပါစေနဲ့

ဆောင်းရာသီမှာ အသားခြောက်တာ၊ အသားပတ်တာနဲ့ နှုတ်ခမ်းခွဲတာ၊ အာခြောက်တာတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ လုံးဝရေသောက်မနည်းပါနဲ့၊ ရေများများသောက်ပေးပါ။

ဆပ်ပြာတုံးမသုံးပါနဲ့

ဆပ်ပြားတုံးသုံးတာက အသားပိုခြောက်စေပါတယ်။ ဒါကြောင့် အသားအရမ်းခြောက်တတ်တယ်ဆိုရင် ဆပ်ပြာအတုံးမသုံးပဲ ရေချိုးဆပ်ပြာအရည်ကို ပြောင်းသုံးပေးပါ။ ရေချိုးပြီးပြီးချင်းမှာ Lotion တန်းလိမ်းပါ။ ဒါက အစိုဓာတ်ပိုရပါတယ်။

Scrub ခဏခဏ မလုပ်ပါနဲ့

Scrub ခဏခဏ လုပ်တာက အသားခြောက်စေပါတယ်။ အသားခြောက်တဲ့သူတွေက ဆောင်းရာသီမှာ Scrub ခဏခဏ မလုပ်ပါနဲ့။ Scrub လုပ်ပြီးတိုင်းမှာလည်း Lotion များများလိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။

photo source: www.freepik.com