လူတိုင်းလိုလို လက်ထဲမှာ ဖုန်းတစ်လုံးကတော့ အမြဲရှိတတ်ပါတယ်။ သူငယ်ချင်းတွေအချင်းချင်းတွေ့ရင်တောင် ဖုန်းကို လက်က မချတော့ပါဘူး။ ဖုန်းသုံးတာက အပျင်းပြေစေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သင့်လက်ထဲက ဖုန်းကိုချထားပြီး ကိုယ့်ကိုကိုယ်ပဲအာရုံစိုက်သင့်တဲ့အချိန်တွေရှိပါတယ်။ ဒီအချိန်တွေကတော့-

၁။ ထမင်းစားချိန်

Photo Source: Earth.com
ထမင်းစားတဲ့အချိန်က သင့်မိသားစု သင့်မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ပြီး စားတဲ့အချိန်ဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ သင်တစ်ယောက်တည်း စားတယ်ဆိုရင်တောင် ဖုန်းမသုံးသင့်ပါဘူး။ ကိုယ်စားနေတဲ့အရာကိုပဲ အာရုံစိုက်သင့်ပါတယ်။

၂။ လူတွေကြားထဲ သီချင်းအကျယ်ကြီးဖွင့်တာ

Photo Source: Daily Mail
တချို့တွေကို သင်မြင်ဖူးမှာပါ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ဖုန်းထဲက သီချင်းတွေကို အကျယ်ကြီးဖွင့်ထားတာမျိုးပါ။ ဒီလိုလုပ်တာက ဘယ်သူ့ကိုမှ မကြောက်တတ်ဘူး၊ ဂရုမစိုက်တတ်ဘူးဆိုပြီး ဂုဏ်ယူစရာကိစ္စမဟုတ််ပါဘူး။ ဒီအပြုအမူက ရိုင်းတယ်လို့တောင် သတ်မှတ်နိုင်ပါတယ်။ အချင်းချင်းလေးစားပြီး ကိုယ့်ဖုန်းသံကို လျှော့ထားသင့်ပါတယ်။

၃။ တခြားသူပြောတာနားထောင်တဲ့အချိန်

Photo Source: HelpGuide.org
တခြားသူသင့်ကို စကားပြောတဲ့အချိန် ဂရုတစိုက်နားထောင်သင့်ပါတယ်။ တဘက်ကတော့ ပြောနေလေရဲ့.. သင်ကတော့ ဖုန်းသုံး မပျက်ဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ ဒါက သင့်ဘက်က ရိုင်းရာရောက်သွားပါပြီ။

၄။ လမ်းလျှောက်တဲ့အချိန်

Photo Source: Points of Viz
လမ်းလျှောက်ရင်းဖုန်းသုံးတာက အန္တရာယ်များတဲ့ကိစ္စတစ်ခုပါ။ ဘယ်အချိန်မှာ ဘာဖြစ်နိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ကိုယ်လမ်းလျှောက်တဲ့အချိန် ကိုယ့်ခြေလှမ်းတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။

၅။ အပေါင်းအသင်းနဲ့ တွေ့ဆုံချိန်

Photo Source: HuffPost.com
သူငယ်ချင်းအုပ်စုလိုက်ကြီး ဖုန်းထိုင်သုံးနေတာကို သင်မြင်ဖူးမှာပါ။ သင်ကိုယ်တိုင်တောင် ဒီလိုဖြစ်နေနိုင်ပါတယ်။ Social Media ဆိုတာ အပေါင်းအသင်း တွေနဲ့ တရင်းတနှီးတွေ့ဆုံနိုင်ဖို့ ရည်ရွယ်ထားတဲ့ Platform တစ်ခုပါ။ လက်ရှိသင်က အပေါင်းအသင်းတွေကို အပြင်မှာ တွေ့နေလျက်နဲ့ ဘာကြောင့် ဖုန်းသုံးနေမှာလဲ စဉ်းစားသင့်ပါတယ်။ အပြင်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာက ပိုပျော်ဖို့ကောင်းပါတယ်။

By MyStyle Myanmar