တစ်ချို့အရာတွေကျတော့ ပျော်ရွှင်ရတယ်၊ ဝမ်းနည်းရတယ်၊ စိတ်ညစ်ရတယ်၊ စိတ်ချမ်းသာရတယ်ဆိုတာက ကိုယ့်စိတ်နဲ့လည်း ဆိုင်ပါတယ်။ ကိုယ်တိုင်က Negative ဘက်ရောက်တာများနေရင်တော့ အမြဲညစ်နေရမှာပါပဲ။ ဒါ့အပြင် ဒီအတွေးတွေကြောင့်ပဲ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခရောက်အောင် လုပ်နေမိသလို ဖြစ်နေတတ်ပါတယ်။

အတွေးလွန်ခြင်း

အရမ်းတွေးတတ်တဲ့အကျင့်ကို ပြင်ရပါမယ်။ တစ်ခုခုဆိုရင် မဖြစ်သေးတာတွေကိုလည်း ကြံဖန်တွေး၊ ဖြစ်သွားတာတွေကိုလည်း အမြဲတမ်းထိုင်တွေးနေတော့ အတွေးပေါင်းစုံခေါင်းထဲရောက်ပြီး ပိုစိတ်ညစ်ရမယ်၊ စိတ်ပင်ပန်းရပါမယ်။ ဒါကြောင့်လည်း အပြည့်အဝမပျော်ရွှင်နိုင်ပဲ ဖြစ်နေတာပါ။ အရမ်းမတွေးပါနဲ့၊ အတွေးမလွန်ပါနဲ့။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခရောက်အောင်လုပ်တာမျိုး မဖြစ်ပါစေနဲ့။

လိုက်နှိုင်းယှဉ်ခြင်း

ကိုယ့်ကိုယ်ကို သူများနဲ့လိုက်နှိုင်းယှဉ်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ သူများနဲ့လိုက်နှိုင်းယှဉ်ပြီး အားငယ်နေရင်၊ ဝမ်းနည်းနေရင်၊ ကိုယ့်ကိုယ်ကို အလိုမကျဖြစ်နေရင်တော့ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာနဲ့ တူတူပါပဲ။ အောင်မြင်ချင်ရင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုချစ်ပါ။ သူများနဲ့တော့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး သိမ်ငယ်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။

အရမ်း Serious ဖြစ်ခြင်း

တစ်ခုခုဆိုရင် Serious ဖြစ်လွန်းတာလည်း မကောင်းပါဘူး။ Serious ဖြစ်လွန်းရင် ပိုပြီးခံစားရပါတယ်။ ပိုပြီးစိတ်ညစ်ရပါတယ်။ အရေးမကြီးတဲ့ ကိစ္စသေးသေးလေးတွေကအစ လိုက်ခံစားပြီး Serious ဖြစ်နေမယ်ဆိုရင်တော့ အကျင့်ပါသွားပြီး နောက်လည်း အဲ့လိုပဲဖြစ်နေပါလိမ့်မယ်။ ။ စိတ်ထဲဘာမှမထားပဲ ပေါ့ပေါ့ပါးပါးပဲနေပါ။ ဒါဆိုရင်တော့ စိတ်ချမ်းသာပြီး ပျော်ရွှင်ရမှာပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိရင် ဘာမှမလုပ်ရဲပါဘူး။ တစ်ခုခုဆိုလည်း မလုပ်ရဲဘူး၊ မဖြစ်နိုင်ဘူး၊ ငါလုပ်ရင်ရမှာမဟုတ်ဘူးဆိုပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေရတာနဲ့ပဲ ဖြစ်မြောက်မှာ မဟုတ်တော့ပါဘူး။ စိတ်ဒုက္ခလည်းရောက်ရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲတမ်း ယုံကြည်မှုအပြည့်ထားပါ။

လိုချင်တာ၊ လုပ်ချင်တာတွေများနေခြင်း

သူများလုပ်တိုင်းလုပ်ချင်တယ်၊ သူများဝယ်တိုင်းဝယ်ချင်တယ်၊ ကိုယ့်အနေအထားနဲ့ ခက်ခဲနေတာကြီးကိုလည်း အရမ်းကို လိုချင်စိတ်တွေ များနေမယ်ဆိုရင် စိတ်ပင်ပန်းရပါလိမ့်မယ်။ မရတဲ့အခါ ဒါကိုပဲတွေးတွေးပြီး ဝမ်းနည်းနေတာ၊ စိတ်ဓာတ်ကျနေတာ၊ စိတ်ဖိစီးနေတာတွေက ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာပါပဲ။