အကြောင်းအမျိုးမျိုးကြောင့် စိတ်အားငယ်တဲ့အချိန်၊ ဝမ်းနည်းတဲ့အချိန်ဆိုတာ ရှိတတ်တာပါပဲ။ ဒီလိုအချိန်မှာ စိတ်အလိုလိုက်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ ခံစားနေရတာတွေကလည်း အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ အဲလိုမဖြစ်ရလေအောင် စိတ်အားငယ်ပြီး ဝမ်းနည်းနေတဲ့အချိန်မှာ ဒီအရာ ၅ ခုကို မလုပ်သင့်ပါဘူး။

တစ်ယောက်ထဲမနေပါနဲ့

စိတ်အားငယ်ပြီး ဝမ်းနည်းနေတဲ့အချိန်မှာ တစ်ယောက်ထဲနေရင် ပိုဆိုးစေပါတယ်။ တစ်ယောက်ထဲ ဟိုတွေးဒီတွေးနဲ့ Psycho တွေပိုဖြစ်ပြီး ဝမ်းနည်းနေမှာပါ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့တွေ့တာမျိုး တခြားသူတွေနဲ့ စကားပြောတာမျိုး၊ အပြင်သွားတာမျိုး လုပ်ကြည့်ပါ။

အိပ်ယာထဲမှာပဲမနေပါနဲ့

တော်တော်များများက ဝမ်းနည်းပြီဆိုရင် အိပ်ယာထဲမှာပဲနေတတ်ကြပါတယ်။ အဲ့လိုနေတာက ပိုဆိုးပါတယ်။ Overthinking တွေပါဖြစ်ပြီး စိတ်ဓာတ်ကျတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပျော်ရမယ့်အရာလေးတွေ ရှာဖွေလုပ်ဆောင်ကြည့်ပါ။ အိပ်ယာထဲကနေ လုံးဝမထွက်ချင်ဘူး ဖြစ်နေတယ်ဆိုရင်လည်း ဒီတိုင်းမနေပဲ ဟာသတွေကြည့်တာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုး လုပ်ပေးပါ။

အတွေးမများပါနဲ့

စိတ်အားငယ်ပြီး ဝမ်းနည်းနေတဲ့အချိန်မှာ အများဆုံးလုပ်တတ်ကြတဲ့အရာ နောက်တစ်ခုကတော့ အတွေးများနေတာပါပဲ။ အဲ့အချိန်မှာတွေးသမျှကလည်း မကောင်းတာတွေပဲ များပါတယ်။ ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်တာမျိုး မဖြစ်ပါစေနဲ့။

ဘာမှမစားပဲမနေပါနဲ့

တချို့ကျတော့ ဝမ်းနည်းနေတဲ့အချိန်မှာ ဘာမှမစားနိုင်တာမျိုး၊ စားချင်စိတ်မရှိလို့ဆိုပြီး လုံးဝမစားမသောက်ပဲ နေတာမျိုးတွေ ရှိပါတယ်။ ဒီလိုဆိုရင် စိတ်ခံစားချက်တွေက ပိုဆိုးလာမယ့်အပြင် အားပျက်ပြီး ကျန်းမာရေးပါ ထိခိုက်လာပါလိမ့်မယ်။

ဝမ်းနည်းစရာသီချင်းနဲ့ရုပ်ရှင်တွေရှောင်ပါ

စိတ်အားငယ်ပြီး ဝမ်းနည်းနေတဲ့အချိန်မှာ တော်တော်များများက ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းတွေကို ရွေးပြီး နားထောင်တတ်ကြပါတယ်။ အဲ့လိုဝမ်းနည်းစရာသီချင်းတွေ နားထောင်နေရင် အလိုလိုမျက်ရည်ကျပြီး စိတ်အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။ ဝမ်းနည်းစရာရုပ်ရှင်တွေဆိုလည်း တူတူပါပဲ။ နဂိုဝမ်းနည်းဓာတ်ခံနဲ့ပေါင်းပြီး ပိုဆိုးသွားပါလိမ့်မယ်။ အဲ့လိုရုပ်ရှင်တွေကြည့်မယ့်အစား ဟာသတွေပဲကြည့်ပါ။