ကိုယ့်အပေါ်မကောင်းတဲ့သူနဲ့ လမ်းခွဲပြီးရင် မလုပ်သင့်တာတွေ လုပ်နေမယ့်အစား မြန်မြန် Move On လုပ်လိုက်တာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ ဒီလိုလူမျိုးအတွက် ခံစားနေရဖို့ မတန်ပါဘူး။ အဓိကကတော့ ကိုယ့်အပေါ်မကောင်းတဲ့သူနဲ့ လမ်းခွဲပြီးတဲ့အခါမှာ ဒီအချက် ၅ ချက်ကို မလုပ်သင့်ပါဘူး။

မဆက်သွယ်ပါနဲ့

လမ်းခွဲပြီးသွားတဲ့အချိန်မှာ စဉ်းစားရမှာက တစ်ခုပဲရှိပါတယ်။ အဲ့တာကတော့ မြန်မြန် Move On လုပ်နိုင်ဖို့ပါပဲ။ အဲ့လိုမဟုတ်ပဲ လိုက်ဆက်သွယ်နေရင် ကိုယ်ပဲပိုခံစားရမှာပါ။ နောက်တစ်ခုက ကိုယ့်အပေါ်မကောင်းတဲ့သူနဲ့ လမ်းခွဲထားတာ ဖြစ်တဲ့အတွက် ထပ်ပြီးဆက်သွယ်ဖို့ လုံးဝမစဉ်းစားသင့်ပါတယ်။

ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့

လမ်းခွဲတဲ့အခါ ခံစားရတာတော့ လူတိုင်းပါပဲ။ ဒါပေမယ့် မစားမသောက်ပဲနေတာမျိုး၊ ညဘက်တွေလည်း မအိပ်ပဲနေတာမျိုး တစ်ချိန်လုံး ငိုနေတာမျိုးတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့။ အချိန်ကကုစားပေးသွားမှာဖြစ်လို့ မြန်မြန်အဆင်ပြေအောင် ကြိုးစားပါ။ စိတ်အလိုမလိုက်ပါနဲ့။ ကိုယ့်အပေါ်မကောင်းတဲ့သူကိုဆို စိတ်နာပြီးတော့ကို မေ့ပစ်ပါ။

အရက်စွဲတာမျိုးမဖြစ်ပါစေနဲ့

တချို့ကျ အစကလည်း အရက်သောက်တတ်တယ်။ ဒါပေမယ့် ရည်းစားနဲ့ပြတ်သွားရင် စိတ်ညစ်ညစ်နဲ့ ပိုသောက်တတ်ကြပါတယ်။ တချို့ကျတော့လည်း နေ့တိုင်းသောက်ပြီး အရက်စွဲသွားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် အရက်စွဲတာမျိုးတော့ လုံးဝမဖြစ်ပါစေနဲ့။ ကိုယ့်အတွက်ကောင်းတာ မရှိပါဘူး။

တွေးပြီးခံစားမနေပါနဲ့

တစ်ချိန်လုံး ဒီအကြောင်းတွေပဲတွေးပြီး ခံစားမနေပါနဲ့။ အဲ့တာဆိုရင် ပိုပြီးမေ့ပစ်ဖို့ခက်ပါတယ်။ ဒီတော့ မြန်မြန် Move On လုပ်နိုင်အောင် ကြိုးစားရပါမယ်။ အဲ့အတွက် ရှိသမျှ အမှတ်တရတွေကို ဖျက်ပစ်ပါ။ အတွေးထဲရောက်လာရင်တော့ တခြားဟာကို အာရုံပြောင်းပစ်ပါ။

ဘာမှမလုပ်ပဲမနေပါနဲ့

အသည်းကွဲနေလို့ဆိုပြီး ဘာမှမလုပ်ပဲနေတာမျိုး၊ အလုပ်အပျက်ခံတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အဲ့လိုအချိန်မှာ ပိုပြီးတောင် အလုပ်လုပ်ရမယ်၊ ကြိုးစားရမယ်၊ လှလှလေးနေရပါမယ်။ ဘာမှမလုပ်ပဲ လျှောက်တွေးပြီး ထိုင်ဘူနေရင်တော့ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။