ဘယ်လောက်ခင်တဲ့ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ဘယ်လောက်ချစ်တဲ့ ချစ်သူကိုပဲဖြစ်ဖြစ် ပြောသင့်တဲ့အရာရှိသလို မပြောသင့်တဲ့အရာတွေလည်း ရှိပါတယ်။ အထူးသဖြင့် သင့်ချစ်သူအပေါ်မှာ ဒီအရာ ၅ ခုကို မပြောမိအောင် သတိထားသင့်ပါတယ်။

ရည်းစားဟောင်းနဲ့ပတ်သက်တာတွေ

ရည်းစားဟောင်းအကြောင်းတွေ၊ ရည်းစားဟောင်းနဲ့ပတ်သက်တာတွေကို ပြောပြပါလို့ပြောရင်တောင်မှ ထိန်းပြီး နည်းနည်းပါးပါးလောက်ပဲ ပြောသင့်ပါတယ်။ မပြောပဲရှောင်ရင်တော့ အကောင်းဆုံးပေါ့။ အခန့်မသင့်ရင် ပြောနေရင်းနဲ့ စကားထများတာမျိုး၊ စိတ်ဆိုးခံရတာမျိုးတွေတောင် ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း ဘာမှမပြောပေမယ့် စိတ်မကောင်းဖြစ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကြီးမားတဲ့မိသားစုပြဿနာတွေ

ပုံမှန်ပြဿနာလေးတွေ၊ အဆင်မပြေတာလေးတွေကို ကိုယ့်ချစ်သူကိုပြောပြတာမျိုးလောက်က ဘာမှမဖြစ်ပေမယ့် ကြီးမားတဲ့ မိသားစုပြဿနာတွေကိုတော့ မပြောပြတာ အကောင်းဆုံးပါပဲ။

သူလုပ်ပေးတဲ့အရာကိုမကြိုက်တာတွေ

ကိုယ့်ချစ်သူကတော့ ကိုယ်ကြိုက်မယ်ထင်လို့၊ ပျော်စေချင်လို့ လုပ်ပေးပေမယ့် သူလုပ်ပေးတဲ့အရာတွေကို ကိုယ်ကမကြိုက်တဲ့အခါ မကြိုက်ကြောင်းပြောပြီး မျက်နှာပျက်တာမျိုး၊ စိတ်ဆိုးတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ မကြိုက်ရင်တောင်မှ မကြိုက်ကြောင်းကို ထုတ်မပြောသင့်ပါဘူး။ တစ်ဖက်လူ စိတ်ထိခိုက်သွားပါလိမ့်မယ်။

သူ့မိသားစုကိုမကြိုက်တဲ့အကြောင်း

သူ့မိသားစုနဲ့ပတ်သက်ပြီး မကြိုက်တာတွေကို ခဏခဏထုတ်ပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါက ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စလေးလို့ ထင်ရပေမယ့် ကြာလာတဲ့အခါမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ စိတ်ခုစရာတွေ ဖြစ်လာနိုင်ပါတယ်။

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကိုဝေဖန်တာတွေ

နောက်ဆုံးအချက်က အရမ်းအရေးကြီးပါတယ်။ ကိုယ့်ချစ်သူရဲ့ ရုပ်ပိုင်းဆိုင်ရာ ပိန်တာ၊ ဝတာ၊ ပုတာ၊ အသားညိုတာတွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ပြောဆိုတာမျိုး လုံးဝမလုပ်ပါနဲ့။ တခြားသူပြောတာမဟုတ်ပဲ ကိုယ့်ချစ်သူကပြောတာဖြစ်တဲ့အတွက် အရမ်းဝမ်းနည်းပြီး စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။