Relationship တစ်ခုမှာ လျှို့ဝှက်ချက်တွေများနေရင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုမရှိသလိုမျိုး ခံစားရစေပါတယ်။ ကိစ္စတိုင်းကို အရာရာလိုက်ပြောပြနေဖို့တော့ မလိုပေမယ့်လည်း တချို့အရာတွေကျတော့ ကိုယ်တကယ်ချစ်တဲ့ ကိုယ့်ချစ်သူအပေါ်မှာ လျှို့ဝှက်ထားတာမျိုး မလုပ်သင့်ပါဘူး။

feelings & emotions

ကိုယ်ဖြစ်နေတဲ့ခံစားချက်၊ ကိုယ့်ရဲ့ feeling တွေ၊ emotion တွေကို လျှို့ဝှက်မထားပါနဲ့။ ထုတ်ပြပါ။ ဒါမှလည်း တစ်ဖက်လူက ကိုယ်ဘာဖြစ်နေလဲဆိုတာကိုသိပြီး အဆင်ပြေအောင် တစ်ခုခုလုပ်ပေးလို့ ရမှာပါ။ အမြဲတမ်း ဘာဖြစ်နေလဲဆိုတာကိုလည်း ထုတ်မပြောပဲ မပွင့်လင်းတာတွေက relationship တစ်ခုမှာ အပျော်တွေပျက်စေပါတယ်။ ဒါ့အပြင် ချစ်တော့ချစ်တယ် ခံစားချက်တွေကို ထုတ်မပြတတ်ဘူး၊ ဂရုမစိုက်ပြတတ်ဘူး ဆိုတာမျိုးတွေလည်း မဖြစ်ပါစေနဲ့။

သူငယ်ချင်းအပေါင်းအသင်း

ကိုယ့်ရဲ့သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ပတ်သက်ပြီး သူ့ကိုလျှို့ဝှက်ထားတာမျိုးတွေ မလုပ်သင့်ပါဘူး။ မိတ်ဆက်ပေးတာမျိုးတောင် လုပ်ရမယ့်အခြေအနေမှာ လျှို့ဝှက်ထားတယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ တစ်ဖက်လူဖက်ကနေကြည့်ရင် စိတ်မကောင်းဖြစ်ရပါတယ်။ ယုံကြည်မှုလည်း ပျက်စေပါတယ်။

ကျန်းမာရေးပြဿနာ

ကိုယ့်ရဲ့ကျန်းမာရေးပြဿနာ တစ်ခုခုရှိရင် ကိုယ့်ချစ်သူကို ထုတ်ပြောပြပါ။ မပြောပြပဲ တစ်ယောက်ထဲကြိတ်ခံစားနေတာမျိုး မလုပ်ပါနဲ့။ ဒီလိုမျိုးတွေပြောပြမှ နှစ်ယောက်တူတူဖြေရှင်းမယ်၊ ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးပြီး ပိုချစ်လာမှာပါ။

future plans

အရမ်းချစ်လို့တွဲကြတယ်၊ ရှေ့ဆက်ဖို့အတွက် future plan တွေလည်း ရှိတယ်ဆိုရင် ကိုယ့်ချစ်သူပြောတဲ့အခါ၊ မေးတဲ့အခါမှာ ထုတ်ပြောပြပါ။ တစ်ဖက်လူကမေးတာတောင်မှ ထုတ်မပြောပဲ လျှို့ဝှက်နေရင် ငါနဲ့ပတ်သက်ပြီး သူ့မှာ future plan လည်း ဘာမှမရှိဘူး၊ ငါနဲ့ရှေ့ဆက်လက်တွဲဖို့အတွက် အစီအစဉ်လည်းမရှိဘူးဆိုပြီး ထင်သွားနိုင်ပါတယ်။

သိချင်တာတွေကိုပြောပြပါ

ကိုယ့်ချစ်သူက သိချင်လို့မေးတာတွေကို အကုန်လိုက်ပြီး လျှို့ဝှက်မထားပါနဲ့။ ပြောပြလိုက်လို့ ပြဿနာဖြစ်စေမယ့်အရာတွေ မဟုတ်ရင် ပြောပြလိုက်ပါ။ ကိုယ့်ဘက်က လျှို့ဝှက်ချက်တွေများနေရင် တစ်ဖက်လူက ကြာလာတဲ့အခါ ဒါတွေကိုမြင်လာပြီး စိတ်မကောင်းဖြစ်နေပါလိမ့်မယ်။