ထားခဲ့တာခံရပြီဆိုရင် လိုက်ပြီးဖက်တွယ်မနေပဲ မေ့ပစ်နိုင်အောင်ပဲ ကြိုးစားလိုက်ပါ။ အချိန်တန်လို့ မေ့နိုင်သွားတဲ့အချိန်မှာ ကိုယ်ရူးမိုက်ခဲ့တာတွေက ဘာမှမဟုတ်တဲ့ရယ်စရာလေးတွေ ဖြစ်သွားပါလိမ့်မယ်။ မြန်မြန်မေ့ပစ်နိုင်ဖို့၊ ကိုယ့်စိတ်ချမ်းသာဖို့အတွက် ကိုယ့်ကိုထားတဲ့သူနဲ့ပတ်သက်ပြီး ဒီအရာတွေကို မပြုလုပ်သင့်ပါဘူး။

တစ်ချိန်လုံးခံစားပြီးငိုနေခြင်း

ပြတ်ပြီးသွားရင် တစ်ပတ်ကနေ တစ်လလောက်အထိ ကြေကွဲလိုက်ပါ။ အဲ့နောက်ပိုင်းတော့ မေ့နိုင်ဖို့ စပြီးကြိုးစားပါ။ တစ်ချိန်လုံးခံစားပြီး ငိုနေလို့လည်း ကိုယ်ပဲပင်ပန်းပါတယ်။ ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့။ မမေ့နိုင်ဘူးဆိုတာ မရှိပါဘူး။ မမေ့ချင်လို့သာ ဆက်ပြီးတွေးနေကြတာပါ။

ဆက်သွယ်ဖို့ကြိုးစားခြင်း

ထားခဲ့တယ်ဆိုထဲက ကိုယ့်ကိုပြတ်နိုင်လို့၊ ကိုယ်မရှိလည်း ရလို့ပါပဲ။ ဒါကြောင့် အောက်ကျခံပြီး ဆက်သွယ်ဖို့မကြိုးစားပါနဲ့။ ဖုန်းတွေဆက်နေတာမျိုး၊ မက်ဆေ့ချ်တွေပို့နေတာမျိုး၊ သူငယ်ချင်းတွေကနေတစ်ဆင့် အကူအညီတောင်ပြီး ဆက်သွယ်ခိုင်းတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

စကားသွားပြောခြင်း

မမေ့နိုင်လို့ စကားသွားပြေတာမျိုး၊ တောင်းပန်တာမျိုးတွေ မလုပ်ပါနဲ့။ တစ်ဖက်လူလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အဲ့လိုလုပ်မယ့်အစား စိတ်ထဲရှိတဲ့အတိုင်းသာ ဝမ်းနည်းလိုက်ပါ။ ငိုချလိုက်ပါ။

သူ့အကြောင်းတွေပဲတွေးနေခြင်း

သူ့အကြောင်းတွေပဲ တွေးနေရင်တော့ မေ့ပစ်ဖို့ ခက်ခဲမှာပါ။ ပိုပြီးဝမ်းနည်းနေမယ်၊ ပိုပြီးခံစားနေရပါမယ်။ ဒါကြောင့် သူ့အကြောင်းတွေကို မတွေးမိအောင် ကြိုးစားနေထိုင်ရမှာပါ။ တွေးချိန်မရှိအောင်သာ အလုပ်တွေလုပ်နေလိုက်ပါ။

အမှတ်တရတွေကိုမသိမ်းထားပါနဲ့

သူ့နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို သိမ်းထားရင်တော့ သတိရတိုင်း ထုတ်ကြည့်ပြီး ပိုခံစားနေရမှာပါ။ ဒါကြောင့် အမှတ်တရတွေကို မသိမ်းထားပါနဲ့။ ပြန်မှတ်မိအောင် အစမဖော်လိုက်ပါနဲ့။ သူနဲ့လုပ်ခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်လုပ်ကြည့်နေတာမျိုး၊ ပြောခဲ့တဲ့ မက်ဆေ့ချ်တွေ၊ Chat ခဲ့တာတွေကို ပြန်ဖတ်တာမျိုး၊ ဓာတ်ပုံတွေကို ပြန်ကြည့်တာမျိုး လုံးဝမလုပ်ပါနဲ့။