စိတ်ကျရောဂါဆိုတာက နေ့ချင်းညချင်း ပျောက်ကင်းသွားနိုင်တဲ့အရာ မဟုတ်တဲ့အတွက် ဖြေးဖြေးချင်းစီ သက်သာအောင် ကြိုးစားလုပ်ရင်းနဲ့ ကုစားရမှာပါ။ ဒါကြောင့် ကုထုံးပညာရှင်တွေကိုယ်တိုင် ပြောပြထားတဲ့ စိတ်ဓာတ်ကျနေချိန်မှာ လုပ်သင့်တဲ့အချက်တွေထဲက လုပ်ဖို့အလွယ်ကူဆုံးဖြစ်မယ့် အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ချရေးပါ

သင့်စိတ်က အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ ရှုပ်ထွေးပြီး စကားနဲ့ပြောပြဖို့ ခက်ခဲနေတဲ့အခါ၊ တခြားသူကို ရင်ဖွင့်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့၊ ကိုယ့်အတွေးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ်ခံစားနေရတာတွေ၊ ဖြစ်နေတာတွေကို စာအုပ်ထဲမှာ ချရေးလိုက်ပါ။ မလိုအပ်တဲ့ အညစ်အကြေးတွေကို ရှင်းထုတ်ပစ်လိုက်သလို နေလို့ကောင်းပြီး စိတ်သက်သာရာ ရသွားပါလိမ့်မယ်။

Moti ရစေမယ့် Video တွေကြည့်ပါ

စိတ်ဓာတ်ကျနေလို့ မကောင်းတဲ့အတွေးတွေတွေပဲ ထိုင်ထွေးပြီး ပိုစိတ်ညစ်ခံနေမယ့်အစား Youtube ကနေ Moti ရစေမယ့် Video တွေကြည့်လိုက်ပါ။ စိတ်ဓာတ်ခွန်အားရပြီး နောက်တစ်ကြိမ် ပြန်လည်စတင်ဖို့၊ ပျော်ရွှင်ဖို့အတွက် အားအသစ်ဖြစ်လာပါလိမ့်မယ်။

Mental Health ကို ဂရုစိုက်ပါ

လူတစ်ယောက်အတွက် Mental Health က အရမ်းကိုအရေးကြီးပါတယ်။ Mental Health ကို သေချာဂရုမစိုက်ရင် စိတ်အခြေအနေ ပိုဆိုးလာပြီး စိတ်ဓာတ်ကျခြင်းကလည်း ပိုဆိုးတဲ့အဆင့်ကို ရောက်သွားပါလိမ့်မယ်။ ဒီတော့ ကိုယ့်စိတ်ပျော်မယ့်အရာတွေ၊ ကိုယ့်အကြိုက်ဆုံးအရာတွေကို လုပ်ပါ။

ကိုယ့်ခန္ဓာကိုယ်ကိုဂရုစိုက်ပါ

စိတ်ဓာတ်ကျပြီဆိုရင် တော်တော်များများက အလှအပကိုလည်း ဂရုမစိုက်ပဲ ဖြစ်သလိုနေလာကြတယ်၊ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ဂရုမစိုက်ပဲ နေချင်သလိုနေလာကြပါတယ်။ ဒီလိုမလုပ်ပဲ လှလှပပလေး ပြင်ဆင်ပြီး နေကြည့်ပါ။ ကျန်းမာတဲ့အစားအသောက်တွေကို စားပြီးတော့ ရေများများသောက်ပါ။ ခန္ဓာကိုယ်က အားရှိနေမှ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အားရှိမှာပါ။ စိတ်ဓာတ်ကျနေရတဲ့ထဲ ကျန်းမာရေးပါ ထိခိုက်လာရင် ပိုဆိုးသွားပါလိမ့်မယ်။

တစ်ရေးအိပ်ပါ

စိတ်ဓာတ်ကျခြင်းကို ခံစားရတဲ့အခါ ဖြစ်လာတဲ့ပြဿနာက အိပ်မပျော်တာပါပဲ။ အိပ်ချိန်တွေမမှန်တာမျိုး ဖြစ်လာတာပါပဲ။ အထူးသဖြင့် ညဘက်တွေမှာ အိပ်မပျော်တော့ပါဘူး။ ဒါကြောင့် နေ့ခင်းဘက်တွေမှာ တစ်ရေးတစ်မောအိပ်ပြီး အနားယူပါ။ တစ်နေကုန်အိပ်နေတာမျိုးတော့ မလုပ်ပါနဲ့။ ညဘက်အိပ်မပျော်တာ ပိုဆိုးသွားပါလိမ့်မယ်။ အိပ်ရေးဝမှလည်း ကျန်းမာပြီး အားရှိမှာ၊ စိတ်အခြေအနေ ပိုကောင်းမှာပါ။