နာကျင်စရာအတိတ်တွေထဲကနေ ရုန်းထွက်နိုင်တဲ့သူက ပျော်ရွှင်ရမှာဖြစ်ပြီး မလွတ်မြောက်နိုင်ပဲ ပိတ်မိနေတဲ့သူကတော့ ပျော်စရာရှိရင်တောင်မှ အပြည့်အဝမပျော်ရွှင်နိုင်ပဲ စိတ်ပင်ပန်းနေရမှာပါ။ အမြဲတမ်းလည်း နာကျင်နေရမှာပါ။ ဒါကြောင့် ဒီလို နာကျင်ခဲ့ရတဲ့ အတိတ်တွေကနေ ရုန်းထွက်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကို လုပ်ဆောင်ရင်းနဲ့ အတိတ်တွေထဲကရုန်းထွက်ပြီး လက်ရှိဘဝကို ပျော်စရာအပြည့်နဲ့ စိတ်ချမ်းသာစွာနဲ့ ြ့ဖတ်သန်းလိုက်ကြရအောင်နော်။

အမှတ်ရစရာရှိတာတွေကိုဖျက်စီးလိုက်ပါ

အမှတ်ရစရာတွေကို မြင်နေတွေ့နေရင် နာကျင်စရာတွေကိုလည်း အမြဲတမ်းမှတ်မိနေမှာပါ။ နာကျင်စရာတွေ၊ အမှတ်ရစရာတွေကို မေ့ပစ်နိုင်ဖို့ အရင်ဆုံးလုပ်ရမှာက အမှတ်ရစရာရှိတာတွေကို ဖျက်စီးပစ်ဖို့ပါပဲ။ သေးသေးလေးကအစ ဖျက်စီးပစ်ပါ။

မတွေးပါနဲ့တော့

တွေးနေရင် စိတ်ညစ်နေရမှာပါ။ တွေးရင်းနဲ့ ဒီအတိတ်ကအကြောင်းအရာတွေဆီပဲ ပြန်ပြန်ရောက်သွားတော့ ပူလောင်နေရမယ်၊ ခံစားနေရပါမယ်။ တော်ရုံနဲ့ ဒီအတိတ်ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အများကြီးမတွေးပါနဲ့။ လုံးဝမတွေးပါနဲ့။ တွေးမိပြီဆိုရင် တခြားကို အာရုံပြောင်းပစ်နိုင်အောင် ကြိုးစားပါ။

မအားအောင်နေပါ

အားနေရင် တွေးနေမိမှာပါ။ အပေါ်မှာပြောခဲ့သလိုပဲ တွေးနေလေ နာကျင်စရာတွေကို မမေ့နိုင်လေ ဖြစ်နေမှာပါ။ ဒါကြောင့် တွေးနေဖို့အချိန်မရှိအောင်ကို မအားအောင်နေပါ။ အလုပ်များအောင်နေပါ။ တစ်ခုပြီးတစ်ခုသာလုပ်နေပါ။ ကိုယ့်အတွက်လည်း စိတ်သက်သာရာရစေပါတယ်။

Social Media မသုံးပဲနေပါ

စိတ်ညစ်နေတဲ့အချိန်တွေမှာ စိတ်ပိုညစ်စေတာ၊ စိတ်ရှုပ်စရာတွေပိုပေးနိုင်တာ Social Media ပါပဲ။ အရာအားလုံးကို ဖျက်စီးပစ်ပြီးရင် Social Media မသုံးပဲနေကြည့်ပါ။ စိတ်ချမ်းသာရပါလိမ့်မယ်။ Social Media မသုံးလို့ ပျင်းနေရင် စာလုပ်ပါ။ စာဖတ်ပါ။ အားကစားလုပ်တာ၊ အပြင်သွားတာ၊ အလုပ်လုပ်တာ၊ အိမ်မှုကိစ္စလုပ်တာ၊ ရုပ်ရှင်ကြည့်တာတွေနဲ့ အချိန်ကုန်ဆုံးနိုင်ပါတယ်။

ခရီးထွက်လိုက်ပါ

စိတ်ညစ်နွမ်းနေတာတွေပျောက်ဖို့ ခရီးထွက်လိုက်တာ အကောင်းဆုံးပါ။ နာကျင်စရာတွေရှိနေရင်လည်း စိတ်ပြေလက်ပျောက် ခရီးထွက်လိုက်ရင် တစ်ဝက်လောက် သက်သာသွားစေပါတယ်။ ဒါကြောင့် ခရီးထွက်ဖို့လည်း မမေ့ပါနဲ့။