ကိုယ့်အပေါ်မကောင်းတဲ့သူနဲ့ လမ်းခွဲပြီးတဲ့နောက်ပိုင်မှာ ပူဆွေးနေပြီး ဘာမှမလုပ်နိုင်ပဲ ဖြစ်နေမယ့်အစား ကိုယ့်အတွက် ပိုကောင်းလာအောင် ဒီအရာ ၅ ခုကို လုပ်သင့်ပါတယ်။

ဘာမှမဖြစ်အောင်နေပါ

 

ကိုယ့်အပေါ်မကောင်းတဲ့သူနဲ့ လမ်းခွဲပြီး အအိပ်ပျက်အစားပျက်နဲ့ ပူလောင်နေရတာကို ပြသမယ်ဆိုရင် နှစ်ခါပြန်ရှုံးပါတယ်။ ဒီတော့ ခံစားသင့်သလောက် ခံစားလိုက်ပါ။ ဒါပေမယ့် ခံစားနေရတာကို ထုတ်မပြပါနဲ့။ ဘာမှမဖြစ်တဲ့ပုံစံနဲ့ပဲ နေပြပါ။

ပျော်ရွှင်နေတဲ့ပုံစံပဲပြပါ

လူအများအမြင်မှာရော၊ ကိုယ့်ကိုထားခဲ့သူအမြင်မှာရော ပျော်ရွှင်နေတဲ့ပုံစံပဲ ပြသပါ။ ငါနဲ့ပြတ်သွားလို့ ခံစားနေရတယ်ဆိုပြီး အထင်ခံမယ့်အစား ငါထားခဲ့လည်း သူဘာမှမဖြစ်ဘူး ပျော်နေတာပဲဆိုတာမျိုးပဲ အထင်ခံပါ။ ပျော်ရွှင်နေတဲ့ပုံစံပဲပြပြီး တကယ်လည်း ပျော်ရွှင်အောင် ကြိုးစားနေထိုင်ပါ။

လှအောင်နေပါ

ရည်းစားနဲ့ပြတ်ပြီး မပြင်နိုင်မဆင်နိုင်နဲ့ စိတ်ညစ်နေမယ့်အစား အရင်ထက်လှအောင်နေပါ။ ပြင်ပြင်ဆင်ဆင်နေပါ။ ပုံစံပြောင်းလဲပစ်လိုက်စရာလည်း မလိုပါဘူး။ အရင်ထက်လှအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ပြင်ဆင်ပြီးသာနေပါ။

ပိုကြိုးစားပါ

ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူအတွက် လှလှပပလေး လက်စားချေမယ်ဆိုရင် ပိုကြိုးစားပြလိုက်ပါ။ အရာရာ အရင်ထက်ပိုသာပြီး တော်လာအောင်၊ အောင်မြင်လာအောင် ကြိုးစားပါ။ ကိုယ့်အတွက်လည်း အကျိုးရှိပါတယ်။

သူ့ထက်သာတဲ့သူနဲ့တွဲပါ

နောက်ထပ်ရည်းစားထပ်ထားမယ်ဆိုရင် ကိုယ့်အပေါ်မကောင်းခဲ့တဲ့ ရည်းစားဟောင်းထက် ပိုသာတဲ့သူနဲ့တွဲပြီး အချစ်ခံလိုက်ပါ။ စိတ်ပြေလက်ပျောက် စိတ်အလိုလိုက်ပြီး တွေ့တဲ့သူနဲ့ Date တာမျိုးတွေ မလုပ်ပဲနဲ့ သေချာစဉ်းစားရွေးချယ်ပြီး တကယ်ကောင်းတဲ့သူ၊ သူ့ထက်သာတဲ့သူမျိုးကိုပဲ ရွေးချယ်ပြီး လက်တွဲပါ။