ကိုယ့်ဆံသားက ခေါင်းဖြီးပြီးလည်း ခဏလေးနဲ့ပြန်ရှုပ်ထွေးတာမျိုးတွေ ဖြစ်တတ်တယ်ဆိုရင် ဆံသားကို သေချာဂရုစိုက်ပေးပါ။ ဂရုမစိုက်ပဲထားရင် ဆံပင်တွေကျွတ်ပြီး ဆံသားနဲ့ဦးရေပြားနာတာတွေ ဖြစ်လာပါလိမ့်မယ်။

Towel နဲ့မသုတ်ပါနဲ့

ဆံသားရှုပ်ထွေးပြီးငြိလွယ်တယ်ဆိုရင် ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို Towel နဲ့မသုတ်ပါနဲ့။ Towel နဲ့ ပွတ်ပြီးသုတ်တာက ဆံပင်ကိုပိုရှုပ်ထွေးစေတဲ့အတွက် ရှင်းရပိုခက်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ ချည်သားတီရှပ်ကိုသုံးပြီး ဆံပင်ကိုသုတ်ပေးပါ။ ဒါဆိုရင် ရေလည်းစုပ်ပြီး ဆံပင်လည်း အမြန်ခြောက်စေသလို ဆံသားရှုပ်ထွေးတာမျိုးတွေလည်း သိပ်မဖြစ်စေပါဘူး။

ဆံပင်ဖားလျားချပြီးမအိပ်ပါနဲ့

ဆံပင်ဖားလျားချပြီးအိပ်ရင် မနက်ရောက်တဲ့အခါမှာ ဆံသားရှုပ်ထွေးပြီး ဖြီးချတဲ့အခါမှာ ရှင်းရခက်တာမျိုးတွေ ရှိပါတယ်။ ဆံသားကအမြဲရှုပ်ထွေးပြီး ငြိလွယ်တယ်ဆိုရင် ပိုဆိုးပါတယ်။ မနက်ရောက်ရင် ဆံပင်တွေက ထွေးပြီး ရှင်းရခက်တာ၊ ဆံပင်တွေကျွတ်ပါလာတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်ကို ထုံးပြီးအိပ်တာပဲဖြစ်ဖြစ်၊ ကျစ်ဆံမြီးကျစ်ပြီး အိပ်တာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

ချည်သားခေါင်းအုံးစွပ်မသုံးပါနဲ့

ဆံပင်ရှုပ်ထွေးပြီး ငြိလွယ်တယ်ဆိုရင်ခေါင်းအုံးစွပ်ကိုပါ ပြောင်းသုံးပါ။ ပိုးသားခေါင်းအုံးစွပ်တွေ သုံးပေးပါ။ ချည်သားခေါင်းအုံးစွပ်က ဆံသားပိုရှုပ်ထွေးစေပြီး ဆံပင်ကျွတ်တာလည်း ပိုဖြစ်စေပါတယ်။

Heat Tools တွေရှောင်ပါ

ဆံပင်ကို အပူချောင်းတွေနဲ့ ကောက်လိုက်ဖြောင့်လိုက်လုပ်တာ၊ Dryer ဆိုလည်း လေပူကိုသုံးပြီးမှုတ်တာတွေက ဆံသားခြောက်သွေ့ပျက်စီးစေပြီး ဆံသားကို ပိုရှုပ်ထွေးတာတွေ ဖြစ်စေပါတယ်။

ခေါင်းလျှော်ရည်ကိုအများကြီးမသုံးပါနဲ့

ခေါင်းလျှော်ရည်က ဦးရေပြားနဲ့ဆံသားကို သန့်စင်ပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး အများကြီးထည့်သုံးတာမျိုးတွေ လုပ်မယ်ဆိုရင်တော့ ဆံသားနဲ့ဦးရေပြားအတွက် လိုအပ်တဲ့အဆီတွေကိုပါ ဖယ်ရှားပေးပြီး ဆံသားနဲ့ဦးရေပြား ခြောက်သွေ့လာစေပါတယ်။ နောက်ဆက်တွဲကတော့ ဆံသားခြောက်သွေ့ပြီး ငြိလွယ်တာ၊ ရှုပ်ထွေးတာ၊ ဆံပင်ကျွတ်တာတွေ ပိုဖြစ်လာတာပါပဲ။