မင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ ပထမဆုံးအနေနဲ့ တက်တူးထိုးဖို့ စဉ်းစားထားတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့အချက်တွေက သင့်အတွက်ပါပဲနော်။ ဘယ်ကိစ္စမဆို ပထမဆုံးအတွေ့အကြုံတိုင်းက ရင်ခုန်စရာကောင်းပြီး လွယ်လွယ်နဲ့မမေ့တတ်ကြတာမို့ သင့်အနေနဲ့လည်း ပထမဆုံးတက်တူးထိုးတဲ့ အတွေ့အကြုံကို အမှတ်တရကောင်းတစ်ခုအဖြစ်ဖန်တီးနိုင်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ သိထားတာက မမှားပါဘူးနော်။ ဒီတစ်ခေါက်မှာ တက်တူးစထိုးမယ့်သူတိုင်း မထိုးခင်သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ။

စိတ်ချရတဲ့ တက်တူး Artist ကိုသေချာရွေးချယ်ပါ


တက်တူးမထိုးခင် အရင်ဆုံး Research လုပ်ပေးတာက သင့်ရဲ့ရွေးချယ်မှုတိုင်းကို အမှားနည်းစေဖို့ ပံ့ပိုးပေးမှာပါ။ ဒါကြောင့်မို့ တက်တူးမထိုးခင် ကိုယ်နဲ့အဆင်ပြေပြီး စိတ်ချရမယ့် Artist မျိုးသေချာရွေးတာ၊ ကိုယ်လိုချင်တဲ့ပုံစံကွက်တိရမရ ကြိုတင်မေးတာမျိုး ပြုလုပ်ပေးပါ။

ကိုယ်ရွေးထားတဲ့တက်တူးဒီဇိုင်းနဲ့ ထိုးမယ့်နေရာကိုဆုံးဖြတ်ပါ


လူတစ်ယောက်နဲ့တစ်ယောက်က အနာခံနိုင်ရည်အားမတူတာမို့ သင့်အနေနဲ့ အနာခံနိုင်ဖို့မသေချာဘူးဆိုရင် သေးသေးလေးကနေ အရင်စထိုးတာမျိုးလုပ်ကြည့်သင့်ပါတယ်။ ဒီလိုအနာခံပြီး ထိုးလိုက်တဲ့တက်တူးတွေက ထိုးပြီးရင် ပြန်ဖျက်ဖို့လည်းမလွယ်တာမို့ ကိုယ်လိုချင်တဲ့ဒီဇိုင်းနဲ့ ထိုးချင်တဲ့နေရာကို ကြိုတင်စဉ်းစားပြီး သေချာရွေးထားတာ အကောင်းဆုံးပါပဲ။

Alcohol ရှောင်ထားပါ


တက်တူးထိုးဖို့ ရက်ရွေးပြီးပြီဆိုရင် မထိုးခင်ရက်အနည်းငယ်အတွင်းမှာ Alcohol သောက်တာကိုရှောင်ပေးဖို့ လိုပါတယ်နော်။ Coffee နဲ့ အချို့ Energy Drink တွေလည်း အလားတူပါပဲ။ ဒီလိုအရည်တွေက သွေးပိုထွက်ပြီး အရေပြားကို Sensitive ဖြစ်သွားစေတာမို့ ထိုးတဲ့အခါ အရမ်းနာတာ၊ အနာမကျက်တာတွေ ဖြစ်လာမှာပါ။

မျှတအောင် စားသောက်ထားဖို့လိုပါတယ်


တက်တူးထိုးခါနီးဆိုရင် ခန္ဓာကိုယ်မှာခံနိုင်ရည်ရှိအောင် ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်တွေ စားထားဖို့လည်းမမေ့ပါနဲ့နော်။ ဒါက သင့်ကို သွေးတွင်းသကြားဓာတ်မျှနေအောင်လည်း ကူညီပေးနိုင်တာမို့ စိတ်လှုပ်ရှားပြီး အားကုန်တာမျိုးလည်းမဖြစ်စေပါဘူး။

အကိုက်အခဲပျောက်ဆေး သောက်တာမျိုးကိုရှောင်ပါ


တက်တူးထိုးတဲ့အခါ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးသောက်တာမျိုးတွေ မလုပ်သင့်ပါဘူးနော်။ ဒီလိုဆေးတွေမှာ သွေးကြောပါးစေတဲ့ အာနိသင်တွေပါနိုင်တာမို့ တက်တူးထိုးရင်း သွေးထွက်တဲ့အခါ ကမောက်ကမဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar