ပိုက်ဆံကိုသေချာစုမယ်ဆိုရင်တော့ မဖြစ်မနေလိုက်နာသင့်တဲ့အချက် ၅ ချက်ရှိပါတယ်။ ပိုက်ဆံစုလိုက်လို့ ဘာမှတောင်သုံးစရာမရှိဖြစ်ပြီး ဒုက္ခရောက်တာမျိုးလည်း မဖြစ်အောင်၊ ပိုက်ဆံကိုလည်း သေချာစနစ်တကျ စုနိုင်အောင်လို့ ဒီအချက်တွေက ကူညီပေးမှာပါ။

လုံးဝပြန်ထုတ်မသုံးပါနဲ့

ပိုက်ဆံတော့စုပေမယ့် ဝယ်စရာလေးရှိလာလို့၊ စားချင်တာလေးရှိလာလို့ဆိုပြီး အလွယ်ပြန်ထုတ်သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။ စုပြီးလည်း ပြန်ထုတ်သုံးတတ်တဲ့အကျင့်ရှိရင် ခဏခဏအဲ့လိုပဲလုပ်ဖြစ်နေပြီး ပိုက်ဆံကို သေချာစုဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုက်ဆံကိုသေချာစုမယ်ဆိုရင် လုံးဝပြန်ထုတ်မသုံးပါနဲ့။ အလွယ်တကူပြန်မထုတ်နိုင်တဲ့နေရာမှာ စုထားပါ။

ပုံမှန် Amount သတ်မှတ်ပြီးစုပါ

ပိုက်ဆံရလာရင် သုံးချင်တာသုံး၊ ဝယ်ချင်တာဝယ်ပြီး ပိုမှစုမယ်ဆိုရင်တော့ ဘယ်တော့မှသေချာစုဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် စုမယ်ဆိုရင်လည်း တစ်လကို ဘယ်လောက်စုမယ်ဆိုပြီး ပုံမှန် Amount သတ်မှတ်လိုက်ပါ။ သုံးစရာမရှိလောက်အောင် အခက်တွေ့နိုင်လောက်တဲ့အထိ အများကြီးစုပစ်လိုက်တာမျိုးလည်း မလုပ်ပါနဲ့။

မလိုအပ်တာတွေအတွက်လုံးဝမသုံးပါနဲ့

သင့်ကို ပိုက်ဆံသေချာစုဖြစ်လာအောင် တွန်းပို့ပေးမယ့်အချက်ကတော့ မလိုအပ်တာတွေအတွက် လုံးဝမသုံးတာပါပဲ။ ဝယ်ချင်တာရှိရင် ကောက်ဝယ်ပစ်လိုက်တာမျိုး မလုပ်တော့ပဲ လိုအပ်မှဝယ်ပါ။ မလိုအပ်တာတွေကို မဝယ်ပါနဲ့။ သုံးဖို့မလိုအပ်တဲ့နေရာတွေ မသုံးလည်းရတဲ့နေရာတွေမှာ ပိုက်ဆံထုတ်သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။

စာရင်းလုပ်ပါ

တစ်လတာအသုံးစရိတ်စာရင်း၊ တစ်နေ့တာသုံးစွဲတဲ့စာရင်းတွေကို သေချာမှတ်ပြီး တွက်ချက်ပါ။ ဒါဆိုရင် ဘယ်နေရာတွေမှာ မလိုအပ်ပဲသုံးမိသွားလဲ၊ နောက်လတွေမှာ ဘယ်လိုစီစစ်ရမလဲဆိုတာကို ပိုသိလာပါလိမ့်မယ်။ စာရင်းဇယားရှိတော့ ပိုပြီးလည်းစေ့စပ်မှုရှိတာပေါ့။

ကျန်းမာရေးလည်းမထိခိုက်ပါစေနဲ့

ပိုက်ဆံကိုပဲသေချာစုမယ်ဆိုပြီး စားသင့်တာတွေလည်းမစားပဲ အရမ်းကိုခြစ်ကုတ်ပြီး အာဟာရချို့တဲ့လာရင်လည်း ပိုက်ဆံကနှစ်ဆပိုထွက်မှာပါ။ ဒါကြောင့် အပေါ်မှာပြောခဲ့သလိုပဲ သုံးသင့်တာအတွက်တော့သုံးပါ။ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ကျန်းမာရေးမကောင်းရင် စုထားသမျှပိုက်ဆံက ကျန်းမာရေးအတွက် ကုန်သွားပါလိမ့်မယ်။ ကျန်းမာနေမှလည်း ပိုက်ဆံရှာနိုင်ပြီး ပျော်ရွှင်နိုင်မှာပါ။