ကိုယ့်ပျော်ရွှင်မှုအတွက် ဘယ်သူ့မှအားကိုးနေစရာ၊ မှီခိုနေစရာမလိုပဲ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်လုပ်ရပ်တွေကြောင့် ပျော်ရွှင်ရတာတွေ ရှိသလို၊ ဝမ်းနည်းရတာတွေလည်း ရှိပါတယ်။ အဓိကက ကိုယ်နဲ့ပဲ သက်ဆိုင်တာပါ။ ဒါကြောင့် ဘဝမှာ ပိုပြီးပျော်ရွှင်နိုင်စေဖို့အတွက် ဒီအရာ ၅ ခု ကိုသာ ကိုယ်တိုင်ပြောင်းလဲပြီး လုပ်ဆောင်လိုက်ပါ။

ကျန်းမာအောင်နေထိုင်ပါ

ဘဝမှာ ပျော်ရွှင်ဖို့အတွက် အရေးအကြီးဆုံးက ကျန်းမာနေဖို့ပါပဲ။ ငွေကြေးပြည့်စုံပြီး အရာရာအဆင်ပြေနေလည်း ကျန်းမာရေးမကောင်းရင် အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာအောင်နေထိုင်ပါ။ အစားအသောက်ကို သေချာစားပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်း မပျင်းပါနဲ့။

သူများနဲ့မနှိုင်းယှဉ်ပါနဲ့

ကိုယ့်ကိုယ်ကို အမြဲတမ်း သူများနဲ့လိုက်နှိုင်းယှဉ်နေတဲ့သူက ဘယ်တော့မှ အပြည့်အဝ မပျော်ရွှင်ရပါဘူး။ နှိုင်းယှဉ်လေ စိတ်ဓာတ်ကျလေ၊ စိတ်ပင်ပန်းလေဖြစ်ပြီး စိတ်ညစ်နေရမှာပါ။ ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို အပြစ်မတင်ပဲ လက်ခံပြီး ဒီထက်ပိုကောင်းအောင်၊ ပိုတိုးတက်အောင် ကြိုးစားလိုက်ရင် ရပါတယ်။

Toxic ဖြစ်စေတဲ့သူတွေနဲ့ဝေးဝေးနေပါ

စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေနည်းပြီး စိတ်ချမ်းသာပျော်ရွှင်ချင်ရင် Toxic ဖြစ်စေတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ နေထိုင်ပါ။ ဒါဆိုရင် သေချာပေါက် ပိုပြီးတော့ ပျော်ရွှင်ရပါလိမ့်မယ်။

တတ်နိုင်သလောက်ကူညီပါ

ကိုယ့်လောက်အဆင်မပြေတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို စိတ်ရင်းအမှန်နဲ့ ကိုယ်တတ်နိုင်သလောက်လေး ကူညီပေးလိုက်ပါ။ လိုအပ်သူတွေကို ကူညီပေးပြီးတော့ ရလာတဲ့ပီတိက ဘာနဲ့မလဲနိုင်ပါဘူး။ ပျော်ရွှင်ကြည်နူးမှု ရစေသလို ကုသိုလ်လည်း ရစေပါတယ်။

ကိုယ့်စိတ်ကိုပျော်အောင်ထားပါ

ရယ်မောပျော်ရွှင်စရာ ရုပ်ရှင်တွေ၊ Video တွေကို များများကြည့်ပြီး စိတ်အပန်းဖြေပါ။ ကိုယ့်စိတ်ကို ပျော်အောင်ထားပါ။ တစ်ခုခုလုပ်တော့မယ်ဆိုရင် သူများရဲ့ အတွေးအမြင်တွေကို ဂရုမစိုက်ပဲနဲ့ ကိုယ်ပျော်မယ်ထင်တာကိုသာ ရွေးချယ်ပြီးလုပ်ဆောင်ပါ။