နားပေါက်အသစ်ဖောက်ထားတဲ့အခါမှာ အဓိကအနေနဲ့ ဂရုစိုက်ရမယ့် အချက် ၅ ချက်ရှိပါတယ်။ နားဖောက်တာကလည်း အခန့်မသင့်ရင်၊ ဂရုမစိုက်ရင် ပိုးဝင်တာမျိုးတွေ ဖြစ်တတ်တဲ့အတွက် ဂရုစိုက်ဖို့ လိုပါတယ်။

ပုံမှန်သန့်ရှင်းရေးလုပ်ပါ

ဒီအချက်က အရေးကြီးပါတယ်။ ပိုးဝင်တာမျိုးမဖြစ်အောင် နားပေါက်ဖောက်ထားတဲ့ နေရာတစ်ဝိုက်ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။ လက်ကိုသန့်ရှင်းအောင် ဆေးကြောပြီးတော့ Mild ဖြစ်တဲ့ Baby Soap နဲ့ ဆေးကြောသန့်စင်တာမျိုးတွေ လုပ်ပေးပါ။ ဆားရည်နဲ့ဆေးကြောသန့်စင်တာမျိုး လုပ်လို့လည်းရပါတယ်။

နားကပ်ကိုအနာကျက်တဲ့အထိဝတ်ထားပါ

နားပေါက်စဖောက်တုန်းက ဝတ်ထားတဲ့နားကပ်ကို အနာမကျက်သေးပဲနဲ့ ဖြုတ်ပြီး အသစ်ပြောင်းတပ်တာမျိုး မလုပ်ပါနဲ့။ အနာမကျက်သေးရင် နာပြီးပြည်တည်တာ၊ အနာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း ဆင်ခြင်ပေးပါ။

အနာကျက်တဲ့အချိန်မတူတာကိုသိထားရပါမယ်

နားပေါက်ဖောက်တဲ့နေရာပေါ်မူတည်ပြီးတော့ အနာကျက်တဲ့အချိန် မတူတာကို သိထားဖို့လိုပါတယ်။ တစ်ပတ်ဆိုရင် အနာကကျက်ပြီဆိုပြီး ပုံသေသတ်မှတ်ထားလို့မရပါဘူး။ ပုံမှန်အတိုင်း နားဖောက်တာကတော့ တစ်ပတ်လောက်ဆို အနာကျက်ပေမယ့် Healing လုပ်တာနှေးတဲ့ အသားအရေပေါ်မှာဆိုရင် နှစ်ပတ်ကနေ တစ်လအထိ ကြာတာမျိုးတွေလည်း ရှိပါတယ်။ လျှာဖောက်တာဆိုရင် ပုံမှန်အားဖြင့် တစ်လကနေ နှစ်လခန့်ကြာပါတယ်။

ဖိတာ၊ ကုတ်တာမျိုးမလုပ်ပါနဲ့

နားဖောက်တဲ့အခါမှာပဲဖြစ်ဖြစ် နှာခေါင်းဖောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ချက်ကို Piercing လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် အားနဲ့ဖိတာမျိုး၊ ကုတ်တာမျိုးတွေ လုံးဝမလုပ်မိပါစေနဲ့။ အနာဖြစ်ပြီး တော်ရုံနဲ့ မကျက်တာမျိုး ဖြစ်သွားပါလိမ့်မယ်။ ချက်ကို Piercing လုပ်ထားရင် ပိုတောင်ဂရုစိုက်ရပါမယ်။ အားနဲ့ဖိမိရင် ပေါက်တာမျိုးတွေအထိ ဖြစ်နိုင်တာကြောင့် သေချာဂရုစိုက်ပေးပါ။

ရောဂါပိုးလက္ခဏာတွေခံစားရရင်ဆရာဝန်နဲ့ပြပါ

ပုံမှန်နဲ့မတူပဲ နီမြန်းတာ၊ အရမ်းနာတာ၊ နားဖောက်ထားတဲ့နေရာက အရည်တွေထွက်တာမျိုးတွေ ဖြစ်နေတယ်ဆိုရင် ရောဂါပိုးလက္ခဏာတွေ ဖြစ်နိုင်တာကြောင့် အိမ်မှာပဲဆေးတွေလျှောက်လိမ်းတာမျိုး မလုပ်ပါနဲ့။ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ပြသပါ။ သေးသေးလေးကနေ အကြီးစားဒဏ်ရာမျိုးမဖြစ်အောင် သေးသေးလေးကအစ ဂရုစိုက်ပေးတာ အကောင်းဆုံးပါပဲ။