Hair Style ပြောင်းဖို့ စဥ်းစားနေလား ? အခုဆို ကောင်မလေးတွေကြား ဆံပင်အကောက်လေးတွေက ပြန်ခေတ်စားလာနေပါပြီ ။ ဒီလိုအကောက်လေးတွေ သင်လည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဆံပင်မကောက်ခင် ဒီအချက်လေးတွေကိုတော့ သိထားသင့်ပါတယ်။

ဆံသားအခြေအနေကောင်းလား ?

ဆံပင်ကောက်ဖို့အတွက် သင့်ဆံပင်က ကျန်းမာဖို့က အရေးကြီးပါတယ်။ ဆံပင်က အရောင်ချွတ်ထားတာ ၊ ဆေးထိထားတာ ၊ အဖျားကွဲခြောက်နေတာမျိုးဆိုရင်တော့ မကောက်သင့်ပါဘူး ။ ဒီလိုအခြေအနေမျိုးမှာ ကောက်မိရင် သင့်ဆံပင်ကိုပိုပြီး ပျက်စီးသွားစေလို့ပါ။

ပြန်ပုံသွင်းနိုင်လား ?

ဆံပင်ကဆိုင်မှာကောက်ပြီးရင် အိမ်မှာခေါင်းလျှော်ပြီးတိုင်း ကောက်ထားတဲ့ဆံသားအတွက်ထုတ်ထားတဲ့ Hair Serum or Cream တို့သုံးပြီး သေချာပြန်ပုံသွင်းနိုင်မှသာ ဆိုင်မှာကောက်လာခါစလို စတိုင်လ်ကျတဲ့ဆံပင်ပုံစံ ရမှာပါ။

အရောင်ဆိုးလို့ရလား ?

ဆံပင်ကို သင်လိုချင်တဲ့အချိန်တိုင်း အရောင်ဆိုးလို့ မရပါဘူး။ ဒီလိုလုပ်တာက အရောင်ရလာဒ်ကိုလည်း ထိခိုက်စေတာမလို့ ဆံပင်ကောက်ပြီး ခုနစ်ရက်ကနေ ဆယ်ရက်အတွင်း ဆံပင်ကို အရောင်မဆိုးပါနဲ့။

ရေထိလို့ရလား ?

ခနခနခေါင်းလျှော်တာ ဒါမှမဟုတ် ရေကူးလို့ဆံပင်ရေစိုတဲ့အခါ ဆံပင်ရဲ့ အပြင်ဘက်အလွှာက ပွင့်သွားပြီး ကောက်ဆေးတွေ ထွက်ကုန်တာမလို့ ကြာလာရင် ကောက်သားက တာရှည်မခံတာမျိုး ဖြစ်တတ်ပါတယ်။

ဆံပင်တိုသွားနိုင်လား ?

ဆံပင်အရှည်ကို ကြိုက်တယ်ဆိုရင် ဆံပင်ကောက်တဲ့အခါ လှိုင်းတွန့်/ကောက်ကောက်ပုံစံက သင့်ဆံပင်ကို နှစ်လက်မလောက် ပိုတိုသွားစေနိုင်တယ်ဆိုတာကို သိသားသင့်ပါတယ်။