တစ်ခါတစ်လေကျရင် အလုပ်လုပ်နေရင်းနဲ့ လုပ်ရတာစိတ်မပါတော့ပဲ ဆက်မလုပ်ချင်တော့တာမျိုး၊ ပျင်းလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် ဆက်မလုပ်တာကောင်းပါတယ်။ သည်းခံပြီး အလုပ်တွေဆက်လုပ်နေရင် စိတ်တိုဒေါသထွက်လာတာမျိုး၊ အလုပ်တွေမှားကုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေရင်းနဲ့ စိတ်မပါတော့ပဲ ပျင်းလာတဲ့အခါမှာ ဒီအရာ ၅ ခုကို ပြောင်းလုပ်ကြည့်လိုက်ပါ။ ပြီးမှသာ အလုပ်ဆက်လုပ်ပါ။

သီချင်းနားထောင်လိုက်ပါ

အလုပ်လုပ်နေရင်းနဲ့ စိတ်မပါတော့ရင် သီချင်းနားထောင်လိုက်ပါ။ သီချင်းနားထောင်ပြီး နားလိုက်ရင် စိတ်တည်ငြိမ်ပြီး စိတ်ပျော်လာပါလိမ့်မယ်။ အရမ်းစိတ်ရှုပ်လာရင် မျက်စိမှိတ်ပြီး သီချင်းနားထောင်တာမျိုး၊ အပြင်ခဏထွက်ပြီး လေကောင်းလေသန့်ရှူကာ သီချင်းနားထောင်တာမျိုး လုပ်ပေးပါ။

မုန့်စားပါ

အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး၊ ပျင်းလာတယ်၊ အာရုံမရတော့ဘူးဆိုရင် ကိုယ်စားချင်တဲ့မုန့်တွေ မှာစားလိုက်ပါ။ အလုပ်လုပ်တာကို ခဏနားပြီး မုန့်စားလိုက်ရင် စိတ်ပြေသွားပါလိမ့်မယ်။ စိတ်အခြေအနေ ပြန်ကောင်းလာပါလိမ့်မယ်။

စကားပြောပါ

အလုပ်လုပ်ရတာပျင်းပြီး စိတ်လည်းမပါတော့ဘူးဆိုရင် သူငယ်ချင်းနဲ့ စကားပြောတာပဲဖြစ်ဖြစ်၊ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလိုတစ်ခုခုကို အာရုံပြောင်းလုပ်လိုက်ရင် စိတ်အခြေအနေပြောင်းလဲပြီး အဆင်ပြေသွားပါလိမ့်မယ်။

အကြောဆန့်လေ့ကျင့်ခန်းလုပ်ပါ

အလုပ်လုပ်ရတာ ငြီးငွေ့ပြီး စိတ်ပျက်လာတာမျိုး၊ လုပ်နေရင်းနဲ့ စိတ်မပါတော့ပဲ ပျင်းလာတာမျိုးဖြစ်ရင် ခဏရပ်ပြီး အကြောဆန့်ပါ။ အညောင်းညာပြေစေမယ့် လေ့ကျင့်ခန်း လွယ်တာလေးတွေ လုပ်ပေးပါ။ စိတ်တိုပြီး စိတ်ရှုပ်နေရင် မျက်စိမှိတ်ပြီး ခဏလောက် တရားထိုင်ကာ အသက်ရှူသွင်းရှူထုတ် ခပ်ပြင်းပြင်းလေး လုပ်ပေးပါ။

ခဏနားလိုက်ပါ

အကောင်းဆုံးကတော့ အလုပ်လုပ်နေရင်းနဲ့ စိတ်မပါတော့ပဲ ပျင်းလာရင် ခဏနားလိုက်ပါ။ ခဏနားပြီး စိတ်ပြေလက်ပျောက် လမ်းလျှောက်တာမျိုး၊ ကော်ဖီသောက်တာမျိုး လုပ်လိုက်ပါ။ အဓိကကတော့ စိတ်မပါတော့တာကို ဆက်မလုပ်ပဲ ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ။