အကြောင်းအမျိုးမျိုးကြောင့်၊ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကြောင့် ကိုယ့်ကိုယ်ကို စိတ်တိုပြီး ဒေါသထွက်တာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်နေတဲ့အချိန်မှာ စိတ်ရှိတိုင်းလုပ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်တွေတင်နေမယ်ဆိုရင် လူရောစိတ်ပါ ပိုပင်ပန်းရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုစိတ်တိုပြီး ဒေါသထွက်နေတဲ့အချိန်မှာ ဒီအရာ ၅ ခုကို ပြောင်းပြီးလုပ်ကြည့်သင့်ပါတယ်။

Relax လုပ်ပါ

အရင်ဆုံးလုပ်ရမှာက စိတ်ရောကိုယ်ပါ relax ဖြစ်ဖို့ပါ။ ကိုယ့်ကိုယ်ကိုအနားပေးပြီး စိတ်အပန်းဖြေတာမျိုး၊ ဘာမှမစဉ်းစားပဲ အားလုံးကိုမေ့ထားပြီး အနားယူ relax လုပ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး ဒေါသတွေထွက်နေမယ့်အစား စာဖတ်တာပဲဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ်၊ လှပတဲ့နေရာတစ်ခုကို သွားတာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကို လုပ်လိုက်ပါ။

သီချင်းနားထောင်ပါ

စိတ်ကို relax ဖြစ်စေမယ့်သီချင်းတွေ၊ ဒေါသတွေကို လျှော့ချပေးနိုင်မယ့် သီချင်းတွေ youtube မှာ အများကြီးရှိပါတယ်။ ဒီလိုသီချင်းတွေကို နားထောင်ပေးပါ။ မျက်စိမှိတ်ပြီး နားကြပ်တပ်နားထောင်ပါ။ သိသိသာသာကို ဒေါသတွေလျော့ကျသွားပါလိမ့်မယ်။

လေ့ကျင့်ခန်းတစ်ခုခုလုပ်ကြည့်ပါ

လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ ကိုယ်နှစ်သက်ရာတစ်ခုကို လုပ်ကြည့်ပါ။ စိတ်က ဒီထဲကိုရောက်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုစိတ်တိုနေတာတွေ၊ အပြစ်တင်ဒေါသထွက်နေတာတွေက ပြေပျောက်သွားပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးတွေထွက်လာတဲ့အခါကျရင် ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

အာရုံပြောင်းနိုင်မယ့်အရာတစ်ခုခုကိုလုပ်ပါ

ကိုယ့်ကိုယ်ကိုစိတ်တိုပြီး ဒေါသထွက်နေရင် စိတ်တိုရမယ့် အကြောင်းအရာကိုပဲ တွေးမနေပါနဲ့။ ပိုဆိုးလာပါလိမ့်မယ်။ အဲ့အချိန်မှာ အာရုံပြောင်းနိုင်မယ့်အရာ တစ်ခုခုကို လုပ်ကြည့်လိုက်ပါ။ တွေးလေဒေါသထွက်လေဖြစ်တဲ့အတွက် မတွေးမအောင်နေဖို့က အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ

ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်တဲ့စိတ်မရှိရင် အပေါ်မှာပြောခဲ့တဲ့အရာတွေကို ဘယ်လောက်လုပ်လုပ် သတိရတိုင်း ဒေါသထွက်ပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်နေမှာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပြီး မှားခဲ့တာတွေ၊ လုပ်ခဲ့တာတွေကို သင်ခန်းစာယူပါ။ နောက်ထပ်မဖြစ်အောင် ဆင်ခြင်ပါ။ ဒီလောက်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။