အားလုံးပဲ မင်္ဂလာပါနော်။ ပိတ်ရက်ကုန်ဆုံးသွားတဲ့နောက် တစ်ပတ်လုံး အလုပ်ပြန်လုပ်ရတော့မှာကို တွေးလိုက်ရင် ကြိုပြီးစိတ်ညစ်ရတာမျိုး လူတိုင်းဖြစ်ဖူးကြမှာပါ။ အလုပ်ရှိတဲ့နေ့တွေမှာ Productive ဖြစ်နေဖို့ဆိုရင် ပိတ်ရက်မှာတည်းက ဒီအတိုင်းမနေဘဲ တစ်ပတ်လုံးအတွက် ကိုယ်လုပ်စရာရှိတာတွေကို အကြမ်းဖျင်း စဉ်းစားပြီး ကြိုလုပ်ပေးဖို့လိုပါတယ်။

ဒီတစ်ခေါက်မှာ တစ်ပတ်လုံး တက်တက်ကြွကြွနဲ့ အလုပ်လုပ်နိုင်စွမ်းမြင့်ပြီး အကျိုးရှိစေဖို့ စနေ၊ တနင်္ဂနွေလို ပိတ်ရက်မှာထဲက ကြိုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ပတ်စာ Goal ကို ချရေးပါ


ပိတ်ရက်မှာ ပထမဆုံးလုပ်သင့်တဲ့အရာကတော့ တစ်ပတ်စာ ကိုယ်လုပ်ရမယ့် အရေးကြီးတဲ့အရာတွေကို ချရေးပေးတာပါပဲ။ ဒီလိုရေးထားလိုက်တာက ကိုယ်လုပ်စရာရှိတာတွေကို မျက်လုံးထဲ ရှင်းရှင်းလင်းလင်း မြင်နိုင်တာမို့ တစ်ပတ်လုံး အချိန်ဆွဲပြီး လမ်းလွဲသွားတာမျိုးမဖြစ်အောင် သတိပေးနေသလို ဖြစ်စေမှာပါ။

၂။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုရှိအောင် ကြိုစီစဉ်ပါ


အလုပ်များတဲ့နေ့တွေက အစားအသောက်ကို ဖြစ်သလိုစားမိဖို့လွယ်တာမို့ ပိတ်ရက်ကတည်းက ကျန်းမာရေးနဲ့အညီစားရမယ့် အစားအသောက်တွေကို ကြိုစဉ်းစားပြီး Meal Plan လုပ်ထားပေးသင့်ပါတယ်။ ဒါက သတိမထားမိဘဲ အသင့်စားနဲ့ သရေစာမုန့်တွေ စားတတ်တဲ့အကျင့်ကို ပြင်ပေးရာရောက်သလို နေ့တိုင်း ကျန်းမာပြီး စိတ်ကြည်လင်စေမှာပါ။

၃။ လိုအပ်တာကြိုဝယ်ထားပါ


ပိတ်ရက်တွေက ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးအချိန်တွေပါပဲ။ အားတဲ့နေ့မှာ လိုအပ်တာတွေ ကြိုဝယ်ထားတာက အလုပ်ရှုပ်လည်း သက်သာပါတယ်။ ဒါ့အပြင် လိုတာတွေရှိထားပြီးပြီဆိုတဲ့အသိက ကိုယ်လုပ်စရာရှိတာကို စိတ်အေးအေးနဲ့လုပ်နိုင်ဖို့ ပံ့ပိုးပေးရာလည်းရောက်မှာပါ။

၄။ ကိုယ်ဝတ်မယ့် Outfit ကို ကြိုစဉ်းစားပါ

Photo Source: iStock

ပိတ်ရက်ထဲက ကိုယ်ဝတ်မယ့် Outfit လေးတွေ ကြိုရွေးထားတာကလည်း သင့်အတွက် အချိန်ကုန်သက်သာသလို အပြင်ထွက်ခါနီးတိုင်း အလျင်တလို ရှာဖို့မလိုအောင် ကြိုတင်ပြင်ဆင်ပြီးသားဖြစ်စေမှာပါ။

၅။ အနားယူချိန်သေချာထားပါ


ပိတ်ရက်ကအနားယူလို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သင်က အိပ်ရေးပျက်ထားတဲ့သူ၊ တစ်ချိန်လုံးနီးပါး ဖုန်း၊ ကွန်ပျူတာ Screen တွေ ကြည့်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် အလုပ်ပြန်သွားရမယ့်နေ့တွေမှာ အားပြည့်ပြီး စိတ်ကြည်လင်နေဖို့ အိပ်ရေးဝအောင်အိပ်ပြီး အနားယူပေးဖို့ မမေ့သင့်ပါဘူး။

Photo Source: pinterest

by MyStyle Myanmar