ပိုက်ဆံစုနေတဲ့အချိန်မှာ မဆင်မခြင်နဲ့ ပိုက်ဆံတွေသုံးလိုက်မိရင် ပိုက်ဆံသေချာစုဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုမနိုင်ရင် စုထားတဲ့ပိုက်ဆံတွေတောင် ပြန်ပါသွားနိုင်ပါတယ်။ ဒါကြောင့် ပိုက်ဆံစုနေတဲ့အချိန်မှာ ဆင်ခြင်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

အသစ်မလိုချင်ပါနဲ့

အရေးကြီးတာက အသစ်မလိုချင်ဖို့ပါပဲ။ အသစ်ထွက်သမျှပစ္စည်းတိုင်း လိုချင်နေရင်၊ အဝတ်အစားရှိပြီးသားလည်း အသစ်ထပ်ထပ်လိုချင်နေရင် ပိုက်ဆံစုတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ၁ သိန်းစုနိုင်မယ့်အရာကနေ ၅ သောင်းပဲစုဖြစ်သွားတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ပြောင်းလဲပစ်ရပါမယ်။

အပျော်အပါးလျှော့ပါ

ပိုက်ဆံစုနေတဲ့အချိန်မှာ အပျော်အပါးတွေကို လျှော့ချပစ်ပါ။ အရင်က ခဏခဏသွားလာပျော်ပါးနေတယ်ဆိုရင် ပိုက်ဆံစုတဲ့အချိန်ကစပြီး တစ်လတစ်ခါလောက်ပဲ သွားလာပျော်ပါးပါ။ ပါတီတက်လိုက်၊ ဘားသွားလိုက်၊ အပြင်လျှောက်သွားလိုက်နဲ့ ခဏခဏလုပ်နေရင် ပိုက်ဆံပိုထွက်တဲ့အတွက် ပိုက်ဆံသိပ်စုဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆင်ခြင်သင့်ပါတယ်။

လက်မဖွာပါနဲ့

လက်ဖွာရင် စုထားတဲ့ပိုက်ဆံပါ သုံးလိုက်မိပါလိမ့်မယ်။ ဒီတော့ လက်ဖွာတတ်တဲ့အကျင့်ရှိရင် ပြင်ဖို့လိုပါတယ်။ ဒါမှလည်း ပိုက်ဆံသေချာစုဖြစ်မှာပါ။ လက်မဖွာအောင် ထိန်းချုပ်တဲ့အနေနဲ့ အပြင်သွားတဲ့အခါ ပိုက်ဆံအများကြီး မထည့်သွားပဲ လိုသလောက်ပဲ ထည့်သွားပါ။

မလိုအပ်တာတွေမဝယ်ပါနဲ့

တစ်ခုခုဝယ်တော့မယ်ဆိုရင် ချက်ချင်းမဝယ်ပဲ ဒါက လိုအပ်တဲ့အရာလား၊ လိုချင်နေတာလားကို စဉ်းစားပါ။ လိုအပ်တဲ့အရာမဟုတ်ရင် မဝယ်ပါနဲ့။ ဒါဆိုရင် ပိုက်ဆံသေချာစုဖြစ်လာမှာပါ။

စည်းကမ်းရှိပါ

ဖုန်း၊ အဝတ်အစား၊ ဖိနပ် စတဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကို စည်းကမ်းရှိရှိကိုင်တွယ်ပါ။ စည်းကမ်းရှိရှိသုံးပါ။ စည်းကမ်းမရှိလို့ ပျက်စီးကုန်ရင် အသစ်ထပ်ဝယ်ရမှာဖြစ်တဲ့အတွက် ပိုက်ဆံကုန်ပါတယ်။ ဒီတော့ ပိုက်ဆံသေချာစုဖြစ်အောင် ကိုယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကို စည်းကမ်းရှိဖို့ကလည်း လိုအပ်ပါတယ်။