Hair Dryer သုံးတာက သုံးနည်းမှားနေရင် ဆံသားပျက်စီးစေပါတယ်။ သဘာဝအတိုင်း အခြောက်ခံတာတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း အလျင်လိုနေတဲ့အခါမှာတော့ Hair Dryer က သုံးရမှာပါပဲ။ ဒါကြောင့် သုံးတဲ့အခါမှာလည်း ဆံသားမပျက်စီးအောင် သတိထားဆင်ခြင်ရမယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

လေအပူနဲ့မမှုတ်ပါနဲ့

Dryer သုံးတဲ့အခါမှာ လေအပူနဲ့မှုတ်တာက အခြောက်မြန်ပါတယ်။ ဒါပေမယ့်လည်း ဆံသားအတွက်လိုအပ်တဲ့ Moisture တွေဆုံးရှုံးစေပြီး ဆံသားခြောက်သွေ့စေပါတယ်။ ဆံသားဖွာပြီး ပျက်စီးစေပါတယ်။ သုံးမယ်ဆိုရင်လည်း လေအေးနဲ့ပဲ မှုတ်ပေးပါ။

ပုံစံအမှားနဲ့မမှုတ်ပါနဲ့

Dryer နဲ့ ဆံပင်ကိုအောက်ကနေပင့်ပြီးမှုတ်တာက ဆံသားဖွာပြီး ရှုပ်ထွေးတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေ ဖြစ်စေပါတယ်။ ဆံပင်အရင်းကနေ အဖျားကို မှုတ်ပေးရမှာပါ။ တစ်နေရာထဲကိုပဲ အချိန်ကြာကြာမှုတ်နေတာမျိုး မလုပ်ပဲနဲ့ နေရာအနှံ့ကိုမှုတ်ပေးပါ။

ဆံပင်နဲ့နီးကပ်ပြီးမမှုတ်ပါနဲ့

Dryer ကို ဆံပင်နဲ့နီးကပ်နေအောင် ထားပြီးမှုတ်တာက ဆံသားပျက်စီးစေပါတယ်။ နည်းနည်းဝေးဝေးထားပြီး မှုတ်ပေးပါ။

Dryer ကို သန့်ရှင်းရေးပုံမှန်လုပ်ပါ

Dryer ကို သန့်ရှင်းရေးပုံမှန်မလုပ်ရင် Dryer ထဲက အညစ်အကြေးတွေက ဆံပင်မှာပြန်ကပ်ကုန်ပါတယ်။ ဒါအပြင် တစ်ခါတစ်လေဆို အနံ့အသက်မကောင်းတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ တစ်လတစ်ခါလောက် သန့်ရှင်းရေးလုပ်ပေးပါ။

လက်နဲ့အရမ်းဖွပြီးမမှုတ်ပါနဲ့

တော်တော်များများက Dryer မှုတ်ပြီဆိုရင် ဆံပင်ကို လက်နဲ့အရမ်းဖွပြီး မှုတ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက ဆံပင်တွေပိုရှုပ်ထွေးစေပါတယ်။ ပြီးရင် ရှင်းရခက်တော့ ဆံပင်တွေငြိတာ၊ ကျွတ်တာတွေ ဖြစ်တော့တာပါပဲ။ ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးလိုက်ရင်လည်း ဆံသားနာပြီး ဆံပင်ကျွတ်ပါတယ်။ ဒါကြောင့် Hair Oil လိမ်းပြီး ဖြေးဖြေးချင်းစီပဲ Dryer နဲ့မှုတ်၊ ပြီးရင် ခြောက်ခါနီးမှ ဘီးနဲ့ဖြေးဖြေးချင်းစီ ရှင်းသွားပါ။