အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နာကျည်းချက်တွေ၊ မကျေနပ်ချက်တွေနဲ့ လမ်းခွဲမယ့်အစား ကောင်းကောင်းမွန်မွန်နဲ့ လမ်းခွဲတာကတော့ အကောင်းဆုံးပါပဲ။ နှစ်ယောက်လုံးအတွက် အဆင်ပြေအောင် လမ်းခွဲတဲ့အခါမှာ ဒီအချက် ၅ ချက်ကို ပြုလုပ်သင့်ပါတယ်။

စဉ်းစားပါ

လမ်းခွဲတော့မယ်ဆိုရင် ထပ်တလဲလဲ ပြန်စဉ်းစားပါ။ လမ်းခွဲပြီးမှ နောင်တရပြီး ပြန်သွားချင်တာမျိုးဆို တစ်ဖက်က လက်မခံချင်တဲ့အခါ နှစ်ယောက်လုံး ပင်ပန်းပါတယ်။ ချစ်နေရက်နဲ့ ခဏတာ ဒေါသကြောင့် သွေးပူနေတုန်း လမ်းခွဲမယ်ဆိုလည်း ပြီးရင် ခံစားရမှာ နှစ်ယောက်လုံးပါပဲ။ ဒါကြောင့် လမ်းခွဲမယ်ဆိုရင် အဖက်ဖက်ကနေ သေချာစဉ်းစားပါ။

ညှိုနှိုင်းပါ

ဖောက်ပြန်ပြီး သစ္စာမရှိတဲ့ ကိစ္စတွေကလွဲလို့ ကျန်တဲ့အကြောင်းအရင်းတွေကြောင့် လမ်းခွဲမယ်ဆိုရင် အပေါ်မှာပြောခဲ့သလို နှစ်ယောက်လုံးပြတ်နိုင်မလား သေချာစဉ်းစားပြီး မပြတ်နိုင်ဘူးဆိုရင် ပြန်ညှိုနှိုင်းပါ။ တစ်ယောက်နဲ့တစ်ယောက် သေချာပြန်ညှိုနှိုင်းလိုက်ရင် အဆင်ပြေသွားနိုင်တာမျိုးလည်း ရှိတာကြောင့် ညှိုနှိုင်းကြည့်ပြီး အဆင်မပြေမှ ကျန်တာဆက်လုပ်ပါ။

ပြတ်သားပါ

စဉ်းစားညှိုနှိုင်းပြီးလို့ လမ်းခွဲတော့မယ်ဆိုရင်လည်း ပြတ်ပြတ်သားသားရှိဖို့ လိုပါတယ်။ လမ်းခွဲခဲ့ပြီးမှ မပြတ်မသားနဲ့ တစ်ခုခုဆို ပြန်ပတ်သက်ချင်တာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်စိတ်ကိုလည်း ပြတ်သားနိုင်မှသာ နောင်တရပြီး နာကျင်ခံစားရတာတွေ မဖြစ်မှာပါ။

မကောင်းကြောင်းတွေမပြောပါနဲ့

အဆိုးဆုံးကတော့ ပြတ်သွားပြီးရင် အဲ့ဒီလူရဲ့မကောင်းကြောင်းတွေကို လိုက်ပြောတာပါပဲ။ တချို့ဆို ပြတ်ပြီးမှ ဟုတ်တာတွေရော မဟုတ်တာတွေရော လိုက်ပြောတာမျိုး ရှိပါတယ်။ နှစ်ဦးသဘောတူ ကျေကျေနပ်နပ်နဲ့ လမ်းခွဲပြီးရင် တစ်ဖက်လူရဲ့ မကောင်းကြောင်းတွေကို လျှောက်ပြောတာမျိုး၊ နောက်ကွယ်မှာ ပြောတာမျိုးတွေ မလုပ်မိပါစေနဲ့။

Social Media ပေါ်မတင်ပါနဲ့

ပြတ်သွားပြီးမှ တစ်ဖက်လူရဲ့ မကောင်းကြောင်းတွေ၊ တွဲတုန်းက အဆင်မပြေခဲ့တဲ့ အကြောင်းအရာတွေ အကုန်လုံး Social Media ပေါ်တင်တာမျိုးက ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်စေတာကြောင့် လုံးဝမလုပ်သင့်ပါဘူး။