မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ ခန္ဓာကိုယ်အောက်ပိုင်းက ပုံမှန်ထက်ခြေတံတိုနေသလို ခံစားရတဲ့သူတွေရှိလား။ ဒီလိုလူတွေက အဝတ်အစားဝတ်တာပုံမကျရင် ခြေတံတိုတာ ပိုသိသာပြီး အရပ်ပုနေသလို မြင်ရတတ်တာကြောင့် ဖက်ရှင်ပိုင်းမှာ သေချာရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ သင့်အနေနဲ့ ကိုယ်ကခြေတံတိုတဲ့သူဖြစ်လို့ ဘယ်လိုဖက်ရှင်မျိုးရှောင်ဖို့လိုမလဲ သိချင်ရင်တော့ အခုပြောပြပေးမယ့် အကြောင်းအရာက သင့်ကိုကူညီပေးမှာပါ။ ဒီတစ်ခေါက်မှာ ခြေတံတိုတဲ့ပျိုမေတို့ ရှောင်ပေးရမယ့် ဝတ်ဆင်နည်းအမှားတွေကို မျှဝေပေးချင်ပါတယ်။

၁။ ခါးတင်အောက်လျော့တဲ့ ဘောင်းဘီရှည်တွေမဝတ်ပါနဲ့


ခါးအောက်ကျတဲ့ ဘောင်းဘီရှည်တွေက အောက်ကျနေတဲ့ထုထည်များပြီး ခြေတံပိုတိုသွားသလို၊ အရပ်ပုပုလေးလို မြင်ရစေပါတယ်။ ဒါကြောင့် ဒီလိုဘောင်းဘီတွေမဝတ်မိအောင် ရှောင်ပေးပါ။ ခြေတံရှည်ပြီး အရပ်ပိုရှည်သယောင်မြင်ရဖို့ ခါးအပေါ်ထိရှည်တဲ့ High Waisted Pants လေးတွေဝတ်ဖို့ လိုပါတယ်။

၂။ ခြေသလုံးနားလောက်ရှည်တဲ့ ဖိနပ်တွေ ဝတ်တာကို ရှောင်ပါ


ဒူးမကျတကျအရှည်ရှိတဲ့ Boots တွေ၊ ဖိနပ်တွေက ဟိုမရောက်ဒီမရောက်နဲ့ ခြေတံပိုတိုသွားသလို မြင်ရစေပါတယ်။ ခြေတံတိုသူတွေအနေနဲ့ Boots ဝတ်မယ်ဆိုရင် ခြေမျက်စိလောက်ရှည်တာမျိုး ဒါမှမဟုတ် ပေါင်နားလောက်အထိရှည်တာမျိုးကို ရွေးချယ်ပေးပါ။ Boot အတိုကို အသားကပ်အရှည်နဲ့တွဲဝတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

၃။ အောက်နား ကားတဲ့ ဘောင်းဘီမျိုးမဝတ်ပါနဲ့


လတ်တလောမှာ Oversized တွေဝတ်တာခေတ်စားလာတာမို့ ဘောင်းဘီအောက်အကားတွေ ဝတ်တာများလာပါတယ်။ ဒါပေမယ့် ခြေတံတိုတဲ့သူတွေက ဘောင်းဘီအောက်နားကားပြီး ခြေထောက်တစ်ခုလုံးအုပ်သွားတဲ့ပုံစံမျိုးဖြစ်တတ်တာမို့ အရပ်ပိုပုသွားသလိုဖြစ်စေမှာပါ။ တကယ်လို့ သင်ကဒီလိုပုံစံလေးတွေကိုမှ ဝတ်ရတာကြိုက်ရင်တော့ ဘောင်းဘီအောက်နားကို ခြေမျက်စိထက်မကျော်အောင် ပြင်ပြီးဝတ်ပေးပါ။ အောက်က ဒေါက်ရှည်ရှည်နဲ့တွဲဝတ်တာ၊ အနားခေါက်ချုပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

၄။ Waist Line ကျတဲ့အင်္ကျီတွေ၊ Jumpsuit တွေကိုရှောင်ပါ


အပေါ်အောက်တစ်ဆက်တည်း Jumpsuit တွေ ခါးစည်းအောက်ကျတဲ့အင်္ကျီတွေက အရပ်ပုတဲ့သူကို ပိုပုသွားသလိုမြင်ရပါတယ်။ ခြေတံတိုတဲ့သူတွေအတွက် ခါးစည်းအပေါ်မြင့်တဲ့ ဂါဝန် (သို့) အင်္ကျီတွေက အဆင်အပြေဆုံးပါပဲ။

၅။ ခါးရှည်အင်္ကျီတွေကို သတိထားပါ


တင်ပါးနားထိရှည်တဲ့ ခါးရှည်အင်္ကျီတွေက ခန္ဓာကိုယ်တစ်ဝက်လောက်ဖုံးသွားတဲ့အခါ အရပ်ပုပြီး ခြေတံတိုတာသိသာနေတတ်ပါတယ်။ ခါးရှည်ကိုမှ ပုခုံးကျတဲ့အင်္ကျီမျိုးဆိုပိုဆိုးပါတယ်။ ခန္ဓာကိုယ်က အင်္ကျီထဲမြုပ်သွားသလို မြင်ရမှာပါ။ သင်က ခါးရှည်လေးတွေဝတ်တတ်တဲ့သူဆိုရင် အပေါ်အောက်အရောင်မကွဲတဲ့ပုံစံမျိုးဝတ်တာ၊ ဘောင်းဘီထဲထည့်ဝတ်တာမျိုးလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar