လက်ဦးဆရာ မည်ထိုက်စွာဆိုတဲ့ မိဘတွေဟာ ကလေးတွေရဲ့ အနာဂါတ်ကို ထုဆစ်ရာမှာ အရေးပါတဲ့ VIP တွေပါပဲ။ ကလေးတစ်‌ယောက် တော်တယ် ၊ ထက်မြက်တယ် ၊ ဘဝမှာ အောင်မြင်မှု အလီလီ ရတယ်ဆိုတာ မိဘဆီက ဆင်းသက်လာတဲ့ ဗီဇ ၊ သူကိုယ်တိုင်ရဲ့ ပါရမီနဲ့ ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့ကောင်းတွေက ဆုံးဖြတ်တာ ဖြစ်ပါတယ်။

လောကပတ်ဝန်းကျင်ထဲ မကျင်လည်သေးခင်မှာ မိခင် ဖခင်တွေဟာ သူတို့ရဲ့ ကလေးကို အကောင်းဆုံး ပုံသွင်းပေးခွင့် ရပါတယ်။ အောင်မြင်ထက်မြက်တဲ့ ကလေးတွေကို မွေးထုတ်ပေးနေတဲ့ မိဘတွေဟာ အခုပြောမယ့် နည်းလမ်းတွေကို သုံးပြီး ကလေးတွေကို ပျိုးထောင်မှု လုပ်ပါတယ်။

(၁) အမေကို ပျော်အောင် ထားပါ

Photo : Dreamstime

ထက်မြက်တဲ့ ကလေးတွေ ဖြစ်လာဖို့ အရင်ဆုံး ကိုယ့်ဇနီးသည်ကို ပျော်အောင် ထားဖို့ Millennium Cohort လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ယူကေမှာ ရှိတဲ့ လင်မယားစုံတွဲပေါင်း ၁၃၀၀၀ ကို လေ့လာခဲ့တဲ့ အချက်အလက်တွေအရ ပျော်ရွှင်တဲ့ မိခင်တစ်ယောက်လက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးတစ်ယောက်ဟာ လူလားမြောက်ချိန်မှာ စိတ်ပိုင်းကျန်းမာရေး ပိုဖွံ့ဖြိုးတယ်လို့ ဆိုပါတယ်။

(၂) ဇွဲသတ္တိရဲ့ အရေးပါပုံကို ပြောပြထားပါ

Photo : National Geographic

ပင်ဆီဗေးနီးယားနဲ့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်တို့ရဲ့ လေ့လာချက်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ လေ့လာမှုအရ မိဘတွေဟာ ကလေးတွေကို ဇွဲရဲ့ အရေးပါမှုအကြောင်းကို သင်ကြားထားမယ်ဆိုရင် ကလေးတွေဟာ လေကမှာ ပိုပြီး စိတ်ဓါတ်ကြံ့ခိုင်ကြမယ်လို့ ဆိုပါတယ်။

(၃) လေ့လာမှုနဲ့ အကျွမ်းဝင်အောင် လုပ်ပါ

Photo : Stonewall Daycare

ငယ်ငယ်ကတည်းက လေ့လာမှုနဲ့ ရင်းနှီးစေဖို့ ၊ ပညာသင်ရတာ ပျော်ဖို့ စီမံပေးသင့်ပါတယ်။ ကလေးငယ်တွေကို ညဘက် စာဖတ်ပြတာ ၊ အက္ခရာနဲ့ ကိန်းဂဏန်းရေးနည်း သင်ပြတာ ၊ ဉာဏ်ပညာနဲ့ ပတ်သက်တဲ့ ပုံဝတ္ထု ဥပမာလေးတွေ ပြောပြပေးသင့်ပါတယ်။

(၄) ဂီတသင်ပေးပါ

Photo : Valeria Almeida

ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ဖန်တီးမှု ထက်သန်ဖို့ ဂီတသင်ခန်းစာတွေ သင်ကြားပေးသင့်ပါတယ်။ ကလေးတွေကို တေးဂီတအနုပညာနဲ့ နီးစပ်အောင် သင်ကြားပေးခြင်းဟာ သူ့အနာဂါတ်ကို တောက်ပအောင်မြင်အောင် လမ်းကြောင်းပေးနေတာပါ။

(၅) စိတ်အေးချမ်းအောင် သင်ပေးသင့်ပါတယ်

Photo : Yogisima

ကလေးတွေကို စိတ်အဆင့်အတန်း မြင့်မားစေဖို့ စိတ်အေးချမ်းကြည်လင်မှုဖြစ်အောင်လည်း အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ ဖုန်းနဲ့ လူမှုကွန်ရက်တွေ သုံးစွဲမှု ထိန်းချုပ်တဲ့ အကျင့်လုပ်ပြီး စိတ်လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ယောဂနဲ့ အရွယ်အလိုက် တရားထိုင်မှုတွေ လုပ်ပေးခြင်းဟာ ကလေးတွေကို တိုးတက်အောင်မြင်ပျော်ရွှင်ရင့်ကျက်သူတွေ ဖြစ်အောင် အစပျိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။