ပြတ်သွားပေမယ့်လည်း အရမ်းချစ်ခဲ့ရင် သတိရလို့၊ မမေ့နိုင်လို့ ပြန်ဆက်သွယ်ချင်တာမျိုးတွေ ရှိတတ်ပါတယ်။ တစ်ဖက်က ကိုယ့်ဆီပြန်မလာချင်တဲ့အခါ၊ အခြားတစ်ယောက်ရသွားတဲ့အခါမှာတော့ ကိုယ်ပဲနာကျင်ရမှာပါ။ ဒါကြောင့် ပြန်မဆက်သွယ်မိအောင် EX ဆီ ဆက်သွယ်ချင်နေတဲ့စိတ်ကို ထိန်းချုပ်နိုင်မယ့် အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်။

ဆက်သွယ်လို့မရအောင်လုပ်ထားပါ

ဖုန်းနံပါတ်တွေနဲ့ Facebook တွေ စတဲ့ ဆက်သွယ်လို့ရသလို Social Media တွေမှာ အကုန် Block ထားလိုက်ပါ။ မြင်နေတွေ့နေတဲ့အခါ ကိုယ့်စိတ်ကိုမထိန်းနိုင်ရင် ဆက်သွယ်မိမှာပါပဲ။ ဒါကြောင့် ဆက်သွယ်လို့မရအောင် လုပ်ထားလိုက်ရင် တစ်ဖြေးဖြေးနဲ့ ကျင့်သားရပြီး အဆင်ပြေလာပါလိမ့်မယ်။

Note ထဲချရေးပါ

ဆက်သွယ်လို့မရအောင်လုပ်ထားလည်း Block ထားတာတွေဖြည်ပြီး အရမ်းကို ဆက်သွယ်ချင်နေတယ်၊ စကားပြောချင်နေတယ်ဆိုရင် ခဏလောက် စိတ်ကိုထိန်းချုပ်ပြီး Note ထဲချရေးတာပဲဖြစ်ဖြစ်၊ စာရွက်မှာချရေးတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ စိတ်ပေါ့သွားပြီး စိတ်သက်သာရာ ရသွားပါလိမ့်မယ်။ စိတ်ပြေသွားတော့မှ ရေးထားတာတွေ ပြန်ဖျက်လိုက်ပါ။ နောက်ဆိုရင် ဒီလိုလုပ်တာက စိတ်သက်သာရာရမှန်းသိရင် ဆက်သွယ်မယ့်အစား ဒီလိုချရေးလိုက်၊ ပြန်ဖျက်လိုက်ပဲ လုပ်နေမိတော့မှာပါ။

သူငယ်ချင်းနဲ့စကားပြောပါ

သူငယ်ချင်းနဲ့ စကားပြောပြီး ရင်ဖွင့်လိုက်ရင် ခံစားနေရတာတွေ သက်သာပြီး အဆင်ပြေလာမယ်၊ သူ့ကို ဆက်သွယ်မယ့်အစား သူငယ်ချင်းနဲ့ စကားပြောလိုက်တော့ အချိန်ကုန်သွားပြီး စိတ်သက်သာရာရသွားလို့ ဆက်သွယ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

အာရုံစိုက်ရတဲ့အရာတစ်ခုခုလုပ်ပါ

ပြန်ဆက်သွယ်ချင်နေတဲ့စိတ် ပျောက်သွားအောင်၊ ဆက်သွယ်ဖို့ အချိန်မရှိအောင် အာရုံစိုက်ရတဲ့ အရာတစ်ခုခုကို လုပ်ကြည့်ပါ။ ဒီထဲမှာပဲ စိတ်ရောက်နေရင် စိတ်တည်ငြိမ်ပြီး တခြားဆီကို စိတ်မရောက်တော့ပါဘူး။

ခရီးသွားပါ

စိတ်တွေရှုပ်ထွေးပြီး အရမ်းမွန်းကြပ်သလို ခံစားလာရတဲ့အခါကျရင် ခရီးသွားလိုက်ပါ။ ခရီးသွားတာက စိတ်ရောကိုယ်ပါ Relax ဖြစ်စေပြီး စိတ်သစ်လူသစ် ဖြစ်သွားစေပါတယ်။ ခံစားရတာတွေ၊ နာကျင်ရတာတွေလည်း ပြေပျောက်စေပါတယ်။