ဆံပင်ပါးရခြင်းက နဂိုဆံပင်ပါးတာမျိုးလည်းရှိသလို စိတ်ဖိစီးမှုပြဿနာကြောင့် ဖြစ်တာမျိုးလည်း ရှိပါတယ်။ တခြား chemical တွေထိတာများလို့ ဆံသားပျက်စီးပြီး ဆံပင်ပါးလာတာမျိုးလည်း ရှိပါတယ်။ ဆံပင်ပါးတဲ့သူက ဆံသားကိုဂရုမစိုက်ပဲနေမယ်ဆိုရင်တော့ ထိပ်ပြောင်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ပါးတဲ့သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့အရာ (၅) ခုကို ပြောပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကိုရှောင်ပါ

စိတ်ဖိစီးမှုများရင် ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာစေပါတယ်။ စိတ်ဖိစီးမှု level က အလွန်အကျွံ သို့မဟုတ် ကြာရှည်စွာ ဖြစ်နေမယ်ဆိုရင် သိသိသာသာကို ဆံပင်တွေပါးလာနိုင်ပါတယ်။ အစထဲက ဆံပင်ပါးတဲ့သူတွေဆို စိတ်ဖိစီးမှုမများအောင် ဂရုစိုက်သင့်ပါတယ်။ စိတ်ဖိစီးမှုရှိလာတဲ့အခါ လျော့ကျအောင် လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ အနားယူတာ စတာတွေ လုပ်ဆောင်ပေးရပါမယ်။

ဦးရေပြားကိုဂရုမစိုက်တာမျိုးရှောင်ပါ

ဦးရေပြားကျန်းမာမှ ဆံသားကျန်းမာလှပမှာပါ။ ဆံပင်ပါးတဲ့သူတွေက ဦးရေပြားကို ဂရုမစိုက်ပဲပစ်ထားရင် ဆံပင်တွေပိုကျွတ်ပြီး ထိပ်ပြောင်တာ၊ ထိပ်ကွက်တာတွေ ဖြစ်စေပါတယ်။ ဒီတော့ ဦးရေပြားသွေးလည်ပတ်မှုကောင်းအောင် ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးပါ။ ဦးရေပြားကို သန့်ရှင်းအောင်ထားပါ။ ဦးရေပြားကို နေ့စဉ် နှိပ်နယ်ပေးမယ်ဆိုရင်တော့ ည် သင့်ဆံပင်ကို ပိုထူလာစေပြီး ပိုမိုသန်စွမ်းလာအောင် ကူညီပေးနိုင်ပါတယ်။

Styling Tools တွေရှောင်ပါ

Styling Tools တွေဖြစ်တဲ့ ဆံပင်ဖြောင့်စက်၊ ကောက်စက်၊ dryer စတာတွေက ဆံပင်ကျွတ်ပြီး ဆံသားပျက်စီးစေတဲ့အတွက် ဆံပင်ပါးတဲ့သူတွေဆိုရင် သူများထက်ပိုပြီးတော့ ရှောင်သင့်ပါတယ်။ မဖြစ်မနေ လုပ်ရမယ့်အချိန်မှသာ သုံးတာကောင်းပါတယ်။ ခဏခဏမသုံးသင့်ပါဘူး။

ဆံပင်အရောင်ခဏခဏဆိုးခြင်းကိုရှောင်ပါ

ဆံပင်ဆိုးတာကလည်း ဘယ်လောက်ဆေးကောင်းတယ်ပြောပြော အနည်းနဲ့အများတော့ ပျက်စီးတာပါပဲ။ ဆံပင်အရောင်ချွတ်တာတွေ၊ ဆံပင်ကို ခဏခဏအရောင်ပြောင်းဆိုးတာတွေဆို ပိုဆိုးပါတယ်။ ဆံပင်တွေကျွတ်ပြီး အရမ်းပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်ပါးတဲ့သူတွေဆိုရင် ဆံပင်အရောင် ခဏခဏဆိုးခြင်းကို ရှောင်သင့်ပါတယ်။

ဆံပင်ကျွတ်စေတဲ့အစားအသောက်တွေရှောင်ပါ

ခေါက်ဆွဲခြောက်တွေ၊ ဆီကြော်မုန့်တွေလိုမျိုး ဆံပင်ကျွတ်စေနိုင်တဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေက ဆံသားကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်တာကြောင့် vitamin ဓာတ်၊ သတ္တုဓာတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီကြွယ်ဝတဲ့ အစားအစာတွေကို မျှတအောင်စားပေးသင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့အထဲမှာ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ protein ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးရင် ဆံသားကျန်းမာပြီး ဆံပင်သန်စေပါတယ်။