စုံတွဲတွေအနေနဲ့ ရည်းစားဖြစ်ပြီး တွဲတာနှစ်တွေအများကြီး ကြာလာပြီဆိုရင် ရည်းစားဖြစ်ခါစတုန်းကနဲ့မတူပဲ၊ ပြောင်းလဲလာတာလေးတွေ၊ ခံစားမိတာလေးတွေ ရှိလာတတ်ပါတယ်။ နှစ်တွေအကြာကြီးတွဲလာတဲ့ စုံတွဲအများစုကတော့ ဒီအရာ ၅ ခုနဲ့ ကြုံတွေ့ရတတ်ပါတယ်။

တီတီတာတာတွေမရှိတော့ခြင်း

စတွဲခါစ လပိုင်းလောက်အထိပဲဖြစ်ဖြစ်၊ တစ်နှစ်ကျော်လောက်အထိပဲဖြစ်ဖြစ် တီတီတာတာပြောဆိုပြီး တစ်ချိန်လုံး ကြည်နူးနေရတာမျိုးတွေ များပါတယ်။ ဒါပေမယ့် တွဲတာနှစ်တွေအများကြီး ကြာလာပြီဆိုရင်တော့ အရင်တီတီတာတာပြောဆို ပြုမူတာတွေ၊ တစ်ချိန်လုံးကိုယ့်နားကပ်နေတာမျိုးတွေက သိပ်မရှိတော့ပါဘူး။ တွဲတာကြာလာပြီဆိုရင် နှစ်ယောက်ဘဝအတွက် အရေးကြီးတာတွေကို ဦးစားပေးနေရလို့ ဒီလိုတွေ မလုပ်ဖြစ်ကြတာလည်း ဖြစ်မှာပါ။ တချို့ကျတော့ ဒါမျိုးတွေကို နားလည်ပေးပေမယ့် တချို့ကျတော့ သူတို့ကိုမချစ်တော့တာလို့ ထင်နေတတ်ပါတယ်။

ဂရုစိုက်မှုလျော့နည်းလာခြင်း

အထူးသဖြင့် မိန်းကလေးတွေက တွဲတာနှစ်တွေကြာလာပြီဆိုရင် ချစ်သူဆီက ဂရုစိုက်မှုကို ပိုပြီးလိုချင်လာကြပါတယ်။ ယောင်္ကျားလေးအများစုကလည်း ကြာလာရင် တွဲခါစတုန်းကလောက် ဂရုမစိုက်ဖြစ်ကြတော့ပါဘူး။ ဒါကြောင့်ပဲ မိန်းကလေးတွေက ဂရုစိုက်မှုမရှိတော့ဘူး၊ စတွဲခါစနဲ့မတူတော့ဘူး၊ ပြောင်းလဲလာတယ်ဆိုပြီး ဂရုစိုက်မှုကို ပိုလိုချင်လာတယ်။ မရရင်ရစ်တာ၊ ထစ်ခနဲရှိ စိတ်ဆိုးစိတ်ကောက်တာတွေ ဖြစ်လာတတ်ပါတယ်။

အထီးကျန်ခြင်း

နှစ်တွေအကြာကြီးတွဲလာတဲ့ စုံတွဲတွေမှာ အများဆုံး ကြုံတွေ့ရတတ်တာကတော့ အထီးကျန်သလို ခံစားရတာပါပဲ။ အလုပ်ကိစ္စတွေ၊ တခြားအရာတွေလုပ်နေရတာနဲ့ တစ်ယောက်နဲ့တစ်ယောက် စတွဲခါစတုန်းကလို တစ်ချိန်လုံးတူတူရှိနေကြတာမျိုး၊ တစ်ချိန်လုံးစကားတွေပြောနေကြတာမျိုး၊ ခဏခဏတွေ့ပြီး ကြည်နူးနေကြတာမျိုး သိပ်မရှိကြတော့ပါဘူး။ ဒါကြောင့်ပဲ အထီးကျန်သလို ခံစားလာရတာပါ။

သဘောထားမတိုက်ဆိုင်ခြင်း

စတွဲခါစမှာတော့ အရမ်းချစ်ပြပြီး အလိုလိုက် အကြိုက်ဆောင်ကြတာချည်းပါပဲ။ တွဲတာနှစ်တွေအများကြီး ကြာလာရင်တော့ အလိုလိုက်အကြိုက်ဆောင်တာမျိုးတွေက သိပ်မရှိကြတော့ပါဘူး။ တစ်ခုခုဆို စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင် ရန်ဖြစ်စကားများကြရတာပါပဲ။ ဒါကြောင့် ချစ်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးဖို့ လိုပါတယ်။

ငြီးငွေ့လာခြင်း

တချို့ကျတော့ တွဲတာကြာလာရင် တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာတာမျိုးတွေ ဖြစ်လာပါတယ်။ ချစ်တော့ချစ်ပေမယ့် တစ်ယောက်ထဲနေချင်သလိုဖြစ်လာတာမျိုး၊ ငြီးငွေ့ချင်သလိုဖြစ်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ နှစ်တွေကြာကြာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပြီး ချစ်ခင်ကြင်နာပေးမယ်ဆိုရင် ဒီပြဿနာတွေကို ကျော်လွှားနိုင်မှာပါ။