တစ်ခါတစ်လေကျရင် တစ်ယောက်ထဲ အထီးကျန်သလို ခံစားရတတ်ပါတယ်။ အထီးကျန်လာရင် ဝမ်းနည်းမနေပါနဲ့။ တစ်ယောက်ထဲ အိပ်ယာထဲလူးလိမ့်ပြီး လျှောက်တွေးမနေပါနဲ့။ ဟိုတွေးဒီတွေးနဲ့ ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ထဲ အထီးကျန်နေချိန်မှာ ဒီအရာ ၅ ခုကို လုပ်ကြည့်ပါ။

ရုပ်ရှင်နဲ့ဟာသတွေကြည့်ပါ

တစ်ယောက်ထဲအထီးကျန်နေရင် ဘယ်မှလည်း မသွားချင်ဘူးဆိုရင် အိမ်မှာပဲ ရုပ်ရှင်တွေကြည့်၊ ဟာသတွေ၊ variety show တွေ ကြည့်နေလိုက်ပါ။ စိတ်ပျော်ရွှင်ပြီး အထီးကျန်နေတာတွေ အားလုံး ပျောက်သွားမှာပါ။

စာအုပ်ဖတ်ပါ

အထီးကျန်နေတဲ့အချိန်မှာ ရုပ်ရှင်တွေလည်း ကြည့်ပြီးပြီ အားနေသေးတယ်ဆိုရင် စာဖတ်ပါ။ လေကောင်းလေသန့်ရပြီး တိတ်ဆိတ်တဲ့နေရာမှာ ကော်ဖီတစ်ခွက်နဲ့ စာထိုင်ဖတ်နေလိုက်ပါ။ စာအုပ်ဖတ်တာက စိတ်တည်ငြိမ်စေပါတယ်။ စာအုပ်ဖတ်နေတဲ့အတွက် စိတ်က တခြားကိုပျံ့လွင့်နေတာမျိုး မဖြစ်တော့သလို၊ အထီးကျန်သလိုလည်း မဖြစ်တော့ပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ

အထီးကျန်နေချိန်မှာ စိတ်တွေလည်း ရှုပ်ထွေးလာပြီဆိုရင် လေ့ကျင့်ခန်းလုပ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်တဲ့အတွက် ကိုယ်လက်ပေါ့ပါးပြီး နေလို့ကောင်းသွားပါတယ်။ စိတ်လည်း ပေါ့ပါးလန်းဆန်းသွားပါတယ်။ ဒါကြောင့်လည်း လေ့ကျင့်ခန်းလုပ်နေချိန်မှာ အထီးကျန်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေပါ အကုန်မေ့သွားတတ်ပါတယ်။

မုန့်လုပ်စားပါ

အထီးကျန်နေချိန်မှာ ကိုယ်စားချင်တဲ့မုန့်လေးတွေကို ကိုယ်တိုင်လုပ်စားကြည့်ပါ။ မုန့်လုပ်တဲ့ဆီကို စိတ်နှစ်ထားတဲ့အတွက် အတွေးတွေမများတော့ပါဘူး။ ကိုယ်စားချင်တဲ့မုန့်တွေ စားနေရရင် စိတ်ပျော်ရွှင်တဲ့အတွက် အထီးကျန်တာတွေလည်း လျော့သွားပါလိမ့်မယ်။

အပြင်လျှောက်သွားပါ

တစ်ခါတစ်လေကျတော့ အထီးကျန်နေချိန်မှာ အိမ်ထဲနေရတာက ပိုပြီးအထီးကျန်စေပါတယ်။ ဒါကြောင့် အပြင်တွေလျှောက်သွားပြီး ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်ပစ်လိုက်ပါ။ ကိုယ်လုပ်ချင်တာတွေလုပ်ပြီး စားချင်တာတွေလျှောက်စားပါ။ စိတ်ပျော်ရွှင်ပြီး အထီးကျန်တာတွေ လျော့သွားပါလိမ့်မယ်။