အလုပ်မရှိတဲ့အချိန်မှာ စိတ်ဓာတ်ကျတတ်တာက သဘာဝပါပဲ။ ဒါပေမယ့်လည်း ဘာမှမလုပ်ပဲ အိပ်လိုက်စားလိုက်၊ ဖုန်းသုံးလိုက်နဲ့ဆိုရင် ပိုပြီးတော့ စိတ်အခြေအနေ ဆိုးရွားလာမှာပါ။ ဒါကြောင့် အလုပ်မရှိတဲ့အချိန်မှာ စိတ်ဓာတ်မကျအောင်လုပ်သင့်တဲ့ အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

အိပ်ချိန်ထချိန်သတ်မှတ်ထားပါ

အလုပ်မရှိတဲ့အတွက် အားနေတော့ တော်တော်များများက ဖုန်းသုံးပြီး ညဘက်တွေဆိုလည်း တော်ရုံနဲ့မအိပ်တော့ပါဘူး။ ပြီးရင် မနက်လည်း ထချင်တဲ့အချိန်မှထတာမျိုး၊ တချို့ဆို မိုးလင်းမှအိပ်ပြီး နေ့လည် ၁ နာရီ၊ ၂ နာရီ၊ ညနေမှ ပြန်ထတာမျိုးတွေတောင် ရှိပါတယ်။ ဒီလိုမျိုးတွေက ပိုပြီး စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အစောကြီးအိပ်ပြီး အစောကြီးထတာမျိုး မလုပ်လည်း အိပ်ချိန်ထချိန်ကို သတ်မှတ်ထားပါ။ အိပ်ရေးဝအောင်အိပ်ပါ။

တစ်ခုခုကိုလေ့လာသင်ယူနေပါ

အိမ်မှာ ဒီတိုင်းပဲနေရင်တော့ အလုပ်မရှိတဲ့အတွက် စိတ်ဓာတ်ကျလာမှာ အနှေးနဲ့အမြန်ပါပဲ။ ဒါကြောင့် တစ်ခုခုကို လေ့လာသင်ယူနေပါ။ သင်တန်းတက်တာပဲဖြစ်ဖြစ်၊ အိပ်မှာ စာလေ့လာတာပဲဖြစ်ဖြစ်၊ တစ်ခုခုတော့ အကျိုးရှိအောင် လုပ်နေရပါမယ်။ ဒါမှလည်း ကိုယ့်အတွက် တိုးတက်မှုတစ်ခုခုရှိမှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

Gym သွားဆော့တာမျိုး လုပ်စရာမလိုပါဘူး။ အိမ်မှာပဲ Youtube ကြည့်ပြီး လေ့ကျင့်ခန်းသေချာလုပ်လို့ ရပါတယ်။ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးပါ။

စာဖတ်ပါ

အားနေတဲ့အချိန်မှာ ကိုယ့်အတွက်အကျိုးရှိအောင်၊ အတွေးတွေများပြီးတော့လည်း စိတ်ဓာတ်ကျတာမျိုးတွေ မဖြစ်ရလေအောင် စာဖတ်ပါ။ စာအုပ်ဖတ်တဲ့အကျင့်လေး လုပ်ထားပါ။

အပန်းဖြေမယ့်အချိန်သီးသန့်ထားပါ

အပေါ်ကအချက်တွေကိုပဲ အချိန်ပြည့်လုပ်နေရင်လည်း ပျင်းလာပါလိမ့်မယ်။ ဒီတော့ အပန်းဖြေမယ့်အချိန်ကို သီးသန့်ထားပါ။ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက် အပြင်သွားတာပဲဖြစ်ဖြစ်၊ နေ့တိုင်း အချိန် ၂ နာရီ၊ ၃ နာရီလောက်ပေးပြီး ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ဒါမှလည်း ပျော်စရာကောင်းမှာပါ။