အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်ခင်မင်ရတဲ့သူတွေကို ရင်ဖွင့်လိုက်မှ စိတ်သက်သာရာရသွားတတ်ပါတယ်။ ဒါပေမယ့် ကိစ္စတိုင်းကို အမြဲတမ်း လိုက်ပြောပြနေတာမျိုးကတော့ မကောင်းပါဘူး။ တချို့ဆိုရင် အရမ်းခင်မင်ရတဲ့ bff တွေအပြင် တခြားခင်သမျှသူအကုန်လုံးကို လိုက်ပြောပြနေတာမျိုးတွေ ရှိပါတယ်။

ကိုယ့်အတွင်းရေးမှန်သမျှကို လိုက်ပြောပြနေတာဟာ မလိုတဲ့အခါ နောက်ကွယ်မှာ အတင်းပြောခံရတာမျိုး၊ စိတ်ရှုပ်စရာလို့ အထင်ခံရတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် သင့်အချစ်ရေးနဲ့ပတ်သက်ပြီး ဒီအရာ ၅ ခုကိုတော့ သူများကို sharing လုပ်ပြီး မပြောပြသင့်ပါဘူး။

ရန်ဖြစ်သမျှအကြောင်းအရာများ

ကိုယ့်ရည်းစားနဲ့ စကားများရန်ဖြစ်တိုင်းမှာ သူများကို ဖြစ်ကြောင်းကုန်စင် သွားပြောပြနေတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်အတွင်းရေး သူများအကုန်သိလို့လည်း ကောင်းတာမရှိပါဘူး။ တစ်ချိန်လုံး ကိုယ့်အပူတွေကို လိုက်ပြောနေရင် နားထောင်ရတဲ့သူလည်း စိတ်ရှုပ်ရပါတယ်။

နှစ်ယောက်ကြားကပိုက်ဆံပြဿနာများ

တချို့အတွဲတွေကြားမှာဆိုရင် ပိုက်ဆံပြဿနာလေးတွေ ရှိတတ်ပါတယ်။ ဒီလိုအကြောင်းအရာမျိုးကျတော့ နှစ်ယောက်ထဲသိတာပဲ ကောင်းပါတယ်။ သူများကိုလိုက်ပြောပြနေရင် ကိုယ့်ကိုမလိုတဲ့သူတွေအတွက် အတင်းပြောစရာ ကုန်ကြမ်းပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။

ဖောက်ပြန်တဲ့အကြောင်းအရာများ

ကိုယ့်ရည်းစားကဖောက်ပြန်လို့ လမ်းခွဲမယ်ဆိုရင်တော့ သူဖောက်ပြန်တဲ့အကြောင်းတွေကို ကိုယ့်ခင်မင်ရတဲ့သူဆီ ရင်ဖွင့်တာမျိုးကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ်တိုင်ကလည်းမပြတ်နိုင်ဘူး၊ ပြီးရင်လည်း ပြန်တွဲမှာပဲ တကယ်ပြတ်ကြမှာလည်း မဟုတ်ဘူးဆိုရင်တော့ သူများကို လျှောက်ပြောပြတာမျိုးမလုပ်တာက နှစ်ယောက်လုံးအတွက် ပိုကောင်းပါတယ်။

ကိုယ့်ရည်းစားရဲ့မကောင်းကြောင်းများ

ကိုယ့်ရည်းစားရဲ့မကောင်းကြောင်းကို သူများတွေကို လိုက်ပြောတာမျိုးက လုံးဝမလုပ်သင့်တဲ့အရာပါ။ ကိုယ့်ရည်းစားအပေါ်မှာ respect မရှိရာကျပါတယ်။ ကိုယ့်ကိုမလိုတဲ့သူတွေအတွက်လည်း အတင်းပြောစရာ ဖြစ်သွားပါလိမ့်မယ်။

ကိုယ့်ရဲ့ပြဿနာပေါင်းစုံအကြောင်းအရာများ

ကိုယ့်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပြဿနာပေါင်းစုံအကြောင်းအရာတွေကို လူတကာလိုက်ပြောပြနေတာမျိုးက ကိုယ်ပေါင်ကိုယ်လှန်ထောင်းနေသလိုပါပဲ။ ကိုယ့်အတွင်းရေးကို ကိုယ်ပဲသိထားတာကောင်းပါတယ်။ ကိစ္စတိုင်းကို ရင်ဖွင့်လိုက်ရမှ၊ ပြောပြလိုက်ရမှ နေသာထိုင်သာရှိသွားတယ်ဆိုရင်တော့ သူများကို လိုက်ပြောပြနေမယ့်အစား စာရွက်တစ်ခုမှ ချရေးတာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်တာကလည်း ခံစားရတာတွေ ပေါ့သွားစေပါတယ်။