လူတော်တော်များများဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ မပြီးဆုံးနိုင်တဲ့ပြဿနာတွေနဲ့ လုပ်ငန်းတာဝန်တွေကို တစ်ရက်ပြီးတစ်ရက် လုပ်ကိုင်ဖြေရှင်းရင်း သာယာရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံတွေနဲ့ ဝေးကွာသွား တတ်ကြပါတယ်။ ဒီလိုတာဝန်တွေကနေ ရရှိလာတဲ့အခက်အခဲနဲ့ ဖိအားတွေစုပြုံလာတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုဒဏ်ကို သိသိသာသာခံစားရတတ်ပါတယ်။ စိတ်ဖိစီးခြင်းက အိပ်မပျော်ခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ သွေးပေါင်တက်ခြင်းနဲ့ အစာခြေစနစ်မူမမှန်ခြင်းစတဲ့ ခန္ဓာကိုယ်အတွက်မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါတွေမဖြစ်စေအောင် စိတ်ဖိစီးမှုလျှော့ချနိုင်မယ့် နေထိုင်မှုနည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။
ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုကင်းမဲ့ပြီး ပေါ့ပါးလွတ်လပ်တဲ့ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း အချိန်ပေးပြီးပြုလုပ်သင့်တဲ့အရာ (၅) မျိုးအကြောင်းကိုမျှဝေပေးပါရစေ။
အသုံးမပြုဖြစ်တဲ့ပစ္စည်းတွေကိုရှင်းလင်းပါ
သင်က စိတ်ဖိစီးမှုမရှိချင်တဲ့သူဆိုရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုရှင်းလင်းသပ်ရပ်နေအောင်ထားဖို့ အရေးကြီးပါတယ်။ မလိုအပ်ဘဲရှုပ်နေတဲ့ပစ္စည်းတွေကို ပြန်မရှင်းတာများတဲ့အခါ ပစ္စည်းတွေက နေရာပိုယူလာတာကြောင့် သင့်ရဲ့စိတ်ကိုမွန်းကြပ်လာစေနိုင်ပါတယ်။ ဒါကြောင့် အားတဲ့အချိန်အိမ်သန့်ရှင်းရေး လုပ်တာ၊ သုံးနေကျပစ္စည်းတွေကိုသတ်မှတ်ထားတဲ့နေရာတွေမှာ စနစ်တကျထားတတ်တဲ့အကျင့်တွေကို ပုံမှန်ပြုလုပ်ပေးဖို့လိုပါတယ်။ တတ်နိုင်သလောက်ရှင်းလိုက်တာက သင့်ကို အသက်ရှူချောင်စေပြီး စိတ်လန်းဆန်းဖို့ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။
စိတ်အပန်းဖြေနိုင်မယ့်ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပါ။
သင့်အိမ်တွင်း ဒါမှမဟုတ် ခြံတွင်းပတ်ဝန်းကျင်တစ်ခုမှာ အေးအေးဆေးဆေးနေနိုင်မယ့် ကိုယ်ပိုင်နေရာ တစ်ခုကိုဖန်တီးထားပါ။ တိတ်ဆိတ်ပြီး သဘာဝအတိုင်း လေကောင်းလေသန့်ရနိုင်မယ့် နေရာမျိုးဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုနေရာတစ်ခုမှာ အချိန်အနည်းငယ်ပေးပြီး စာအုပ်ဖတ်ခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အပင်ရေလောင်းခြင်းနဲ့ သီချင်းနားထောင်ခြင်းစတဲ့ စိတ်အပန်းဖြေစေမယ့်အရာတွေနဲ့အတူ ကိုယ့်ကိုကိုယ် ပုံမှန်အနားပေးဖို့လိုပါတယ်။
ကျန်းမာအောင်စားပါ။
မှန်ကန်မျှတတဲ့ စားသောက်မှုပုံစံရှိခြင်းက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အရေးအကြီးဆုံးအရာဖြစ်ပါတယ်။ အစားအသောက်မမှန်တဲ့အခါ အသားအရေနဲ့ ကိုယ်ခန္ဓာကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြင် ဗိုက်ဆာလာတဲ့ အချိန်တွေမှာ စိတ်မရှည်ခြင်းနဲ့စိတ်ရှုပ်ထွေးခြင်းတွေပိုဖြစ်တတ်တာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေကို အချိန်မှန်မှန်စားသုံးဖို့လိုပါတယ်။
အားကစားလုပ်ပါ။
အားကစားလုပ်ခြင်းက စိတ်ရောကိုယ်ပါ အားအင်တက်ကြွပြီးခံနိုင်ရည်ရှိစေတာကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးခြင်းတွေကိုလျှော့ချပေးနိုင်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ အားကစားလုပ်နည်းတွေကို ရှာဖွေပြီးနေ့စဉ် ပုံမှန်ပြုလုပ်ပေးပါ။ အားကစားလုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေကတော့ လှုပ်လှုပ်ရှားရှားနေဖို့ အကြံပြုချင်ပါတယ်။
အိပ်ချိန်မှန်ပါစေ။
အိပ်စက်ခြင်းက စိတ်ဖိစီးမှုကင်းစေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန်နဲ့ နီးနီးကပ်ကပ်အလုပ်လုပ်ခြင်းကိုရှောင်ပါ။ အလုပ်ဘယ်လောက်များများ လုံလောက်တဲ့အိပ်ချိန်တစ်ခု သတ်မှတ်ထားတဲ့အကျင့်ကို ပြုလုပ်ပေးပါ။ အိပ်ရေးဝအောင်အိပ်နိုင်မှသာ နေ့တိုင်းစိတ်ကြည်လင်လန်းဆန်းနေမှာ ဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar