ဆံပင်ဖြီးတဲ့အခါမှာလည်း ဆံသားကို သေချာလေး ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြီးပေးသင့်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းလုပ်ရင် ဆံသားနဲ့ဦးရေပြားနာပြီး ဆံသားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်း ဆံပင်ဖြီးတဲ့အခါမှာ သတိထားဆင်ခြင်သင့်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ကြမ်းကြမ်းတမ်းတမ်းဖြီးခြင်း

ဆံပင်ကို တော်တော်များများက သေချာရှင်းပြီးမဖြီးပဲ အရင်းကနေ အဖျားကို တစ်ခါထဲဖြီးချတာ၊ ငြိတာရှုပ်တာတွေဖြစ်လည်း ဖြေးဖြေးချင်း နည်းနည်းချင်းစီ မရှင်းပဲနဲ့ အတင်းဖြီးချတာမျိုးတွေ လုပ်ကြပါတယ်။ အဲ့လိုတွေလုပ်ရင် ဆံပင်တွေပျက်စီးပြီး ကျွတ်ထွက်ပြီး ဆံသားနဲ့ဦးရေပြား အရမ်းနာပါတယ်။

ဆံပင်ရေစိုနေချိန်မှာဘီးစိတ်နဲ့ဖြီးခြင်း

ဆံပင်ကျွတ်ပြီးပျက်စီးအောင်လုပ်တဲ့ ဆံပင်ဖြီးပုံအမှားကတော့ ခေါင်းလျှော်ပြီး ဆံပင်ရေစိုနေချိန်မှာ ဘီးကြဲနဲ့မဖြီးပဲ ဘီးစိတ်နဲ့ဖြီးချတာပါပဲ။ ရေစိုနေချိန် ဘီးကြဲနဲ့ဖြီးရင်တောင် ဆံပင်ကျွတ်ပါလာတာကို ဘီးစိတ်နဲ့သာ ဖြီးလိုက်ရင်တော့ ပိုပြီးဆံပင်တွေကျွတ်ပါလာမှာပါ။

ခဏခဏခေါင်းဖြီးခြင်း

ခဏခဏခေါင်းဖြီးတာက ဦးရေပြားနဲ့ဆံသား အလွယ်တကူ အဆီပြန်စေပြီး ခဏလေးနဲ့ ဆံပင်စေးတာတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် ဆံပင်လည်း ပိုကျွတ်စေပါတယ်။

Hair Oil မလိမ်းပဲဖြီးခြင်း

အကောင်းဆုံးကတော့ ခေါင်းဖြီးတဲ့အခါမှာ ဆံပင်အဖျားတွေ၊ ဆံပင်တစ်ဝက်လောက် အနေအထားကနေ Hair Oil လိမ်းပြီးတော့မှ ဖြီးပေးပါ။ ဆံပင်အဆီမရှိပဲ ခြောက်သွေ့နေတဲ့အချိန်မှာ ဖြီးမယ်ဆိုရင် ဆံပင်ဖွာထွက်ပြီး ကျွတ်တာ၊ ငြိတာတွေ ဖြစ်စေပါတယ်။

ခေါင်းမဖြီးပဲခေါင်းလျှော်ခြင်း

တော်တော်များများက ခေါင်းမဖြီးပဲ တန်းပြီးခေါင်းလျှော်ကြတာ များပါတယ်။ အဲ့လိုလျှော်ခြင်းက ခေါင်းလျှော်တဲ့အခါမှာ ဆံပင်တွေပိုရှုပ်ထွေးပြီး ကျွတ်စေပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ဆံပင်သုတ်လိုက်တော့ ပိုရှုပ်ထွေးပြီး ရှင်းရခက်ကာ ဆံပင်တွေပိုကျွတ်လာစေပါတယ်။ ဒါကြောင့် အရင်ဆုံးခေါင်းဖြီးပြီး ဆံပင်ကို သေချာရှင်းပြီးမှ ခေါင်းလျှော်မယ်ဆိုရင်တော့ ဆံပင်တွေ အရမ်းမရှုပ်ထွေးတော့ပဲ ရှင်းရတာလည်း လွယ်ပါမယ်။ ဆံပင်လည်း သိပ်မကျွတ်တော့ဘူးပေါ့။